Homeပြည်တွင်းသတင်းပြည်သူတွေနေအိမ်တွေမှာ ဗုံးခိုကျင်းတူးထားပြီး မလိုအပ်ရင် ခရီးမသွားဖို့ TNLA တိုက်တွန်း

ပြည်သူတွေနေအိမ်တွေမှာ ဗုံးခိုကျင်းတူးထားပြီး မလိုအပ်ရင် ခရီးမသွားဖို့ TNLA တိုက်တွန်း

၃ ဇူလိုင်၊ ၂၀၂၄

စစ်ကောင်စီက အရပ်သားပြည်သူကို ပစ်မှတ်ထားနေတဲ့အတွက် ပြည်သူတွေအနေနဲ့ နေအိမ်တွေမှာ ဗုံးခိုကျင်းတူးထားပြီး မလိုအပ်ရင် ခရီးမသွားဖို့ TNLAက အသိပေးထားပါတယ်။

TNLA သတင်းပြန်ကြားရေးဌာနရဲ့ ဇွန်လထုတ်စာစောင် အယ်ဒီတာ့အာဘော်မှာ ပြည်သူတွေ လိုက်နာ ရမယ့်အချက်တွေအနေနဲ့ ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။

ဇွန်လ ၂၅ရက်ကစပြီး ညီနောင်မဟာမိတ် သုံးဖွဲ့ နဲ့ နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်မြို့တို့မှာ ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)ကို ဆင်နွှဲခဲ့ပြီး၊ စစ်ဆင် ရေး ကာလအတွင်းမှာ စစ်ကောင်စီက အရပ်သား ပြည်သူလူထုတွေကို ဦးတည်တိုက်ခိုက်နေတဲ့အတွက် အရပ်သားများ အသက်ဆုံးရှုံးရခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ပြည်သူတွေအနေနဲ့ မိမိနေထိုင်ရာ အိမ်မှာ ဗုံးခိုကျင်း တည်ဆောက်ပြီး၊ ဘေးကင်းလုံခြုံတဲ့နေရာ မှာနေဖို့နဲ့ မလိုအပ်ဘဲ ခရီးမသွားဖို့ ၊ စစ်ရေးသတိရှိဖို့ အထူးတိုက်တွန်းတယ်လို့ ပါရှိပါတယ်။

ဇွန်လအတွင်း စစ်ကောင်စီရဲ့ လေကြောင်းက လက်နက်ကြီးနဲ့ ပေါင် ၅၀၀ ဗုံးပစ်ခတ်မှုတွေကြောင့် သီပေါမြို့၊ ကျောက်မဲမြို့၊ နောင်ချိုမြို့၊ မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့တွေမှာ အရပ်သား ၂၅ ဦး သေဆုံးပြီး ၃၇ ဦး ဒဏ်ရာရခဲ့တယ်လို့ PSLF/TNLA က ကြေညာထားပါတယ်။

ဇူလိုင် ၃ ရက် ဒီနေ့မနက်ပိုင်းမှာ ဖြစ်ပွားတဲ့ လားရှိုးမြို့အနီးက ကိုးကန့် တပ်မတော် (MNDAA) ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ရဲ့ တိုက်ပွဲမှာလည်း လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် အရပ်သား သေဆုံးထိခိုက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

မနက် ၈ နာရီဝန်းကျင်က လားရှိုးမြို့ ရပ်ကွက် ၁ ၊ သာယာလမ်းက နေအိမ်ကို လက်နက်ကြီးကျည် ကျပြီး နေအိမ်မှာ နေထိုင်တဲ့မိသားစု ၆ ဦးလုံး သေဆုံးခဲ့ရပါတယ်။

Photo – TNLA

ဆက်စပ် သတင်းများ

Most read