Homeပြည်တွင်းသတင်းပြည်ပနိုင်ငံတွေမှာ နိုင်ငံကူးလက်မှတ် အလည်အပတ်(PV) နဲ့ သွားရောက်အလုပ်လုပ်ကိုင်နေမှုကို တားဆီးသွားမယ်လို့ စစ်ကောင်စီ ပြောဆို

ပြည်ပနိုင်ငံတွေမှာ နိုင်ငံကူးလက်မှတ် အလည်အပတ်(PV) နဲ့ သွားရောက်အလုပ်လုပ်ကိုင်နေမှုကို တားဆီးသွားမယ်လို့ စစ်ကောင်စီ ပြောဆို

၈ ဇူလိုင်၊ ၂၀၂၄

ပြည်ပနိုင်ငံတွေမှာ နိုင်ငံကူးလက်မှတ် အလည်အပတ် (PV)နဲ့ သွားရောက်အလုပ်လုပ်ကိုင်မှုတွေကို တားဆီးသွားမယ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီး မြင့်နောင်က ဇူလိုင် ၆ ရက်နေ့က ပြောဆိုပါတယ်။

ရန်ကုန်မြို့ ၊ Melia Hotel မှာ ဇူလိုင်လ ၆ ရက်က စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီး မြင့်နောင် နဲ့ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MOEAA) ဥက္ကဋ္ဌ၊ အေဂျင်စီတွေကို တွေ့ဆုံခဲ့ပြီး ပြောကြားလိုက်တာ ဖြစ်ပါတယ်။

အလုပ်အကိုင်(PJ) နဲ့ သွားခဲ့ရင် ပတ်စ်ပို့သက်တမ်းတိုးတဲ့အချိန်မှာ မြန်မာနိုင်ငံထဲကို ၂၅ % ထိ ပို့ပေးပြီးမှ စာအုပ်သက်တမ်းတိုးခွင့်ပေးတာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁၀ရက်မှာ ထုတ်ပြန်ခဲ့တဲ့ စစ်မှုထမ်းဥပဒေကြောင့် လူလတ်တန်းစားအများစုဟာ ပြည်ပနိုင်ငံတွေကို အလည်အပတ်စာအုပ်နဲ့ ထွက်ခွာနေပြီး ရရာအလုပ်ကို ဝင်လုပ်ကြသလို တချို့ အိမ်နီးချင်းနိုင်ငံတွေမှာ နေထိုင်ခွင့်ရဖို့အတွက်လည်း အလုပ်လုပ်နေကြောင်း အထောက်အထား လိုတဲ့အတွက် PV လို့ခေါ်တဲ့ အလည်အပတ် ပတ်စ်ပို့ စာအုပ်ထဲမှာ အလုပ်လုပ်ရင်းနေထိုင်ခွင့် Visa တုံးထုထားတာ ဖြစ်ပါတယ်။

“ဘာစာအုပ်နဲ့ထွက်ထွက် ထွက်ဖို့အရေးကြီးတယ်ဆိုပေမယ့် ပတ်စ်ပို့သက်တမ်းတိုးရင် ခက်ကုန်လိမ့်မယ်။ အခုက ရောက်ပြီး မြန်မာနိုင်ငံသားတိုင်း နိုင်ငံသားအဖြစ်က ပျောက် Overstay ဖြစ်ကုန်တော့မယ်” လို့ ဒူဘိုင်းနိုင်ငံက အလုပ်အကိုင်ရှာဖွေပေးနေသူ တစ်ဦးက New Day Myanmar ကို ပြောပါတယ်။

“PV နဲ့ မထွက်ခိုင်းပေမယ့် PJ ပြောင်းဖို့လည်း မလွယ်ဘူးလေ။ PJ ဆိုရင် လစာကို သူတို့ဆီကနေတဆင့် ၂၅ % ပို့ပေးရမယ်။ သူတို့ငွေလဲနှုန်းကလည်း အပြင်ပေါက်ဈေးနဲ့ကွာတယ် ။ ဒီမှာ ဘယ်လိုနေရလဲဆိုတာလဲ သူတို့က သိတာမဟုတ်ဘူး။ ဖမ်းဆီးရင်ကျ လိုက်မထုတ်ပေးဘူး။ မြန်မာသံရုံးက ဖုန်းဆက်ရင်လည်း ဘယ်တော့မှ ကိုင်တာမဟုတ်ဘူး” လို့ မလေးရှားနိုင်ငံ စားသောက်ဆိုင်တစ်ခုမှာ PV နဲ့ အလုပ်လုပ်ကိုင်နေတဲ့ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

အေဂျင်စီတွေဘက်က အလုပ်သမားတွေ မြန်မာနိုင်ငံကို ဝင်ငွေ ၂၅ % ပြန်ပို့စေဖို့ ကြပ်မတ်ပေးဖို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီး မြင့်နောင်က ဖိအားပေးတယ်လို့ သိရပါတယ်။ PV နဲ့ အလုပ်ထွက်လုပ်နေသူတွေကို တားဆီးသွားမှာဖြစ်ပြီး ဟွန်ဒီငွေလွှဲတွေကို နှိမ်နင်းသွားမယ်လို့ ပြောဆိုသွားကြောင်း သိရပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဂျပန်၊ တောင်ကိုရီးယား ၊ ယူအေအီး အပါအဝင် ပြည်ပနိုင်ငံတွေကို အလုပ်သမားစေလွှတ်တဲ့ အေဂျင်စီ ၅၀၀ ဝန်းကျင်ရှိပါတယ်။ စစ်မှုထမ်းဥပဒေ ထွက်လာပြီးနောက်မှာ ၁၈နှစ်ကနေ ၃၀ အထိ အမျိုးသားတွေကို ပြည်ပထွက်အလုပ်လုပ်ကိုင်ခွင့် စစ်ကောင်စီက ပိတ်ထားပါတယ်။

ထွက်ခွာကြသူတွေကို အခွန် ၂ ရာခိုင်နှုန်း ဆောင်ဖို့ ၊ မိသားစုတွေကို လစာရဲ့ ၂၅ % ကို စစ်ကောင်စီ ဘဏ်တွေက တဆင့်လွှဲဖို့ အေဂျင်စီနဲ့ စာချုပ်ချုပ်ဆိုထားရပြီး တချို့တွေဟာ အေဂျင်စီနဲ့ ချိတ်ဆက်သွားရောက်တာမျိုးမဟုတ်ဘဲ PV စာအုပ်နဲ့ထွက်ခွာပြီးမှ အလုပ်ရှာတာမျိုးလည်း ရှိနေပါတယ်။

ဆက်စပ် သတင်းများ

Most read