Homeပြည်တွင်းသတင်းပျောက်ဆုံးနေတဲ့ တရုတ်သရုပ်ဆောင်ကို မြန်မာဘက်ခြမ်းမှာ ပြန်တွေ့ ပြီး ထိုင်းရဲချုပ်ကိုယ်တိုင်သွားရောက်ခေါ်ယူ

ပျောက်ဆုံးနေတဲ့ တရုတ်သရုပ်ဆောင်ကို မြန်မာဘက်ခြမ်းမှာ ပြန်တွေ့ ပြီး ထိုင်းရဲချုပ်ကိုယ်တိုင်သွားရောက်ခေါ်ယူ

၇ ဇန်နဝါရီ၊ ၂၀၂၄

သောကြာနေ့က ပျောက်ဆုံးသွားတဲ့ တရုတ်မင်းသား Wang Xing ( သရုပ်ဆောင်နာမည် Xingxing) ကို မြန်မာဘက်ခြမ်းမှာ ပြန်တွေ့ပြီး ထိုင်းရဲချုပ် Thatchai Pitaneelabutr ကိုယ်တိုင် သွားရောက်ခေါ်ယူမယ်လို့ သိရပါတယ်။

ပျောက်ဆုံးနေတဲ့ တရုတ်သရုပ်ဆောင်ကို မြန်မာနိုင်ငံ မြဝတီထဲမှာ ပြန်တွေ့တဲ့အတွက် ထိုင်းနိုင်ငံ ကလေး၊ အမျိုးသမီးများ၊ မိသားစုနဲ့ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုဌာန ရဲ့ ညွှန်ကြားရေးမှူးဖြစ်တဲ့ ရဲချုပ် Thatchai Pitaneelabutr ကိုယ်တိုင် တရုတ်သရုပ်ဆောင် Wang Xingကို လက်ခံဖို့ သွားရောက်ခေါ်ယူနေတယ်လို့ ထိုင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Khaosod က ဖော်ပြထားပါတယ်။

ဇန်နဝါရီလ ၃ ရက်ထဲက ပျောက်ဆုံးသွားတဲ့ Wang Xing ဟာ ထိုင်းနိုင်ငံ မဲဆောက်ဘက်ကမ်းကနေ မြန်မာနိုင်ငံဘက်အခြမ်း မြဝတီကို ဖြတ်ကူးခဲ့တာကို CCTV မှတ်တမ်းတွေအရ သိရပြီး ထိုင်းအာဏာပိုင်တွေက Wang Xing ကိုရှာဖွေဖို့ မြန်မာအာဏာပိုင်တွေကို ဇန်နဝါရီလ ၆ ရက်က အကူအညီ တောင်းခဲ့တာဖြစ်ပါတယ်။

Wang Xing ဟာ မြန်မာနိုင်ငံဘက်ခြမ်းကို ဘယ်လိုရောက်ရှိသွားတယ်ဆိုတာနဲ့ ဘယ်လို ပြန်ရှာတွေ့ခဲ့တယ်ဆိုတဲ့ ဖြစ်စဉ် အသေးစိတ်ကိုလည်း ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ သူဟာ ထိုင်းမြန်မာနယ်စပ်မှာ ရုပ်ရှင်ရိုက်ကူးဖို့ သဘောတူညီမှုရခဲ့ပြီး ဇန်နဝါရီလ ၃ ရက်မှာ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်ကို ရောက်ရှိခဲ့တာပါ။

သူ့ကို လာရောက်ကြိုဆိုတဲ့ ရိုက်ကူးရေးကားနဲ့ လိုက်ပါလာတဲ့အခါ ပြောထားတဲ့လမ်းကြောင်းကနေ လွဲနေပြီး မဲဆောက်မြို့ကိုရောက်ရှိချိန်မှာ အဆက်အသွယ်ပြတ်တောက်ခဲ့တဲ့အတွက် သူ့ရဲ့ချစ်သူဖြစ်သူက ထိုင်းနိုင်ငံဘန်ကောက်သံရုံး၊ ချင်းမိုင်ကောင်စစ်ဝန်ရုံးနဲ့ ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့တို့ကို အကူအညီတောင်းတိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ – Khaosod English

ဆက်စပ် သတင်းများ

Most read