Homeပြည်တွင်းသတင်းပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး ပစ်ခတ်သတ်ဖြတ်ခံရမှုအတွက် စစ်ကောင်စီကို စစ်ကိုင်းကသံဃာတော်တွေ ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်စတင်

ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး ပစ်ခတ်သတ်ဖြတ်ခံရမှုအတွက် စစ်ကောင်စီကို စစ်ကိုင်းကသံဃာတော်တွေ ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်စတင်

၂၃ ဇွန်၊ ၂၀၂၄

ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး ပစ်ခတ်သတ်ဖြတ်ခံလိုက်တဲ့ စစ်ကောင်စီကို စစ်ကိုင်းတိုင်း ချောင်းဦး မြို့နယ်က သံဃာတော်တွေစုပေါင်းပြီး ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်ကို ဇွန်လ ၂၃ ရက် ဒီနေ့မှာ စတင်လိုက်တယ်လို့ သိရပါတယ်။

တံတားဦးလေဆိပ်အနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အချက်ပေါင်းများစွာ ပစ်ခတ်တာကို ခံရပြီး နေရာမှာတင် ပျံလွန်တော်မူရပြီး ဝန်ချတောင်းပန်ခြင်းမရှိဘဲ အမှုမှန်ကို ဖုံးကွယ်ဖို့ ကြိုးစားခဲ့တဲ့ စစ်ကောင်စီကို ဆရာတော်ကြီး ပျံလွန်ပြီး ၅ ရက်မြောက်မှာ ကံဆောင်သပိတ် စတင်ပြုလုပ်တာ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်က လုံခြုံရေးအကြောင်းပြပြီး တပ်မ ၇၇ က အင်အားအလုံးအရင်းနဲ့ ဝင်းနိမ္မိ တာရုံကျောင်းတိုက် ပတ်ဝန်းကျင်အပြင် ပဲခူးမြို့မှာပါ လုံခြုံရေး တင်းကြပ်ထားပါတယ်။

“ယခုအခြေအနေဟာ သပိတ်မှောက်အင်္ဂါ ၈ ချက်လုံးညီနေလို့ သံဃာထုအနေနဲ့ စစ်အာဏာရှင်တွေကို သပိတ်မှောက် ဆန့်ကျင်ရုံမှတပါး အခြားမရှိဘူး” လို့ ဆရာတော်မင်းသုည(ဗုဒ္ဓတက္ကသိုလ်)က မိန့်ကြားထားပါတယ်။

PDF တွေရဲ့ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့ကြောင်း MRTV က တဆင့် သတင်းမှားတွေကို ထုတ်ပြန်ခဲ့ပြီး မျက်မြင်သက်သေ ကန်သုံးဆင့် ဆရာတော်ကြီးက ဝင်းနိမ္မိတာရုံ ဆရာတော်ကြီးကို စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ်တယ်လို့ ထုတ်ဖော်မိန့်ကြားမှသာ အကြမ်းဖက်စစ်ကောင်စီက ဝန်ခံတာဖြစ်ပါတယ်။

သီတဂူဆရာတော်က နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့ဝင် ဘဒ္ဒန္တမုနိန္ဒာဘိဝံသရဲ့ ဈာပနကို ကြွလာပြီး သည်းခံ ခွင့်လွှတ် မေ့ဖျောက်ရန် ပြောသွားပြီး နောက်နေ့မှာ ဆွစ်ဇာလန်ကို ဆေးစစ်ဖို့ ကြွသွားပါတယ်။

” သီတဂူဆရာတော်ကြီးတို့က ဂိုဏ်းတူပေါ့။ ဂိုဏ်းတူသံဃာပေါ့။ ဂိုဏ်းတူဘုန်းကြီးကိုသတ်ဖြတ်လိုက်တာနဲ့ ပတ်သတ်ပြီးတော့ သာသနာပိုင်ဆရာတော်ဖြစ်တဲ့ သီတဂူဆရာတော်ဘုရားကြီးက ရေငုံနုတ်ပိတ်နေခြင်း ဟာလည်း သာသနာ့မျက်နှာကို မကြည့်တာ။ ဘုရားမျက်နှာကိုမကြည့်တာ။ သံဃာမျက်နှာကိုမကြည့်တာ။ တိုင်းပြည်ရဲ့မျက်နှာကို မကြည့်ဘူးလို့ ဦးဇင်းတို့ပြောရမှာ ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ သီတဂူ ဆရာတော်ကြီးဆိုတာ စာတတ်၊ပေတတ် ထင်ရှားတဲ့ ပုဂ္ဂိုလ်ကြီး။ တရားဟောနေတဲ့ ဓမ္မကထိ ကပုဂ္ဂိုလ် ကြီး။ နိုင်ငံကျော်ကြီးပေါ့နော်။ အဲလိုပုဂ္ဂိုလ်ကြီးက ဓမ္မကိုဓမ္မ၊ အဓမ္မကိုအဓမ္မလို့ မပြောရဲတာဟာ ရှင်းပါ တယ်။ သာသနာကိုမျက်ကွက်ပြုသွားပြီလို့ တိုင်းပြည်ကို မျက်ကွယ်ပြုသွားပြီလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်” လို့ ရွှေဝါရောင်ဆရာတော် ဦးအဂ္ဂဓမ္မက မိန့်ကြားထားပါတယ်။

၂၀၀၇ စက်တင်ဘာလမှာ လောင်စာဆီဈေးနှုန်းမြင့်တက်မှု ၊ အထွေထွေကြပ်တည်းမှုကို ဖြေရှင်းဖို့ ၊ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့စတဲ့အချက်တွေကို တောင်းဆိုဖို့ မကွေးတိုင်း ပခုက္ကူမြို့က သံဃာတော်တွေ စတင် ကံဆောင်သပိတ်မှောက်ရာက တတိုင်းပြည်လုံးပါဝင်တဲ့ ရွှေဝါရောင်‌ တော်လှန် ရေးကြီး ပေါ်ပေါက်လာခဲ့ပါတယ်။

ဆက်စပ် သတင်းများ

Most read