၃၁ ဇူလိုင်၊ ၂၀၂၄
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ အင်အား ၃၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ်တွေဟာ စခန်းကို စွန့်ခွာထွက်ပြေးသွားပြီး လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင် ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ KNU ဗဟိုက ဇူလိုင်လ ၃၁ ရက် မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
ဇူလိုင်လ ၂၉ ရက်မှာ ပုလောကုန်းစခန်းက အကြမ်းဖက်စစ်သားတွေနဲ့ ပျူစောထီးတွေ စခန်းကို စွန့်ခွာသွားတာဖြစ်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တပ်ရင်း ၇ ၊ တပ်ခွဲ ၅ တပ်ဖွဲ့ဝင်တွေက ပြန်လည်ထိန်းချုပ်ကာ နယ်မြေရှင်းလင်းရေး လုပ်ငန်းတွေ လုပ်ဆောင်နေပြီး လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်တွေဟာ အာဏာသိမ်းတဲ့အချိန်ကစပြီး ပုလောကုန်းကျေးရွာမှာ အခြေချတပ်စွဲထားပြီး ဂိတ်တွေထားကာ ပြည်သူလူထုတွေကို ငွေညှစ်တာ၊ အကြောင်းမဲ့ဖမ်းဆီးတာတွေ မကြာခဏပြုလုပ်ခဲ့ပါတယ်။ ပြည်သူ့စစ်တွေ ဖွဲ့စည်းပြီး လမ်းသွားလမ်းလာ ပြည်သူလူထုကို အနှောင့်အယှက်ပေးခဲ့တယ်လို့ KNU ဗဟိုက ဖော်ပြပါတယ်။
ပုလောကုန်ကျေးရွာအတွင်း အခြေချတပ်စွဲထားတဲ့နေရာက မစွန့်ခွာခင်မှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တပ်ရင်း (၇) တပ်ခွဲ (၅) တပ်ဖွဲ့ဝင်တို့ကြား မကြာခဏ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး သူတို့အတွက် အဓိကကျတဲ့ လက်နက်ရိက္ခာလမ်းကြောင်းတွေကို ပိတ်ဆို့နိုင်တဲ့အတွက် ၂၀၂၄ ခုနှစ် ဇူလိုင်လ (၂၉) ရက်မှာ စစ်ကောင်စီတပ်တွေ စခန်း စွန့်ခွာထွက်ပြေးသွားရတာ ဖြစ်တယ်လို့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။