Homeပြည်တွင်းသတင်းပန်ဝါဒေသမှာ KIA နဲ့ ဦးစခုန်တိန့်ယိမ်းရဲ့ နယ်ခြားစောင့်တပ်တွေ ကြားတိုက်ပွဲဖြစ်ပွားနေ

ပန်ဝါဒေသမှာ KIA နဲ့ ဦးစခုန်တိန့်ယိမ်းရဲ့ နယ်ခြားစောင့်တပ်တွေ ကြားတိုက်ပွဲဖြစ်ပွားနေ

၁၂ စက်တင်ဘာ၊ ၂၀၂၄

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ပန်ဝါဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နဲ့ စစ်ကောင်စီ လက်အောက်ခံ ဦးစခုန်တိန့်ယိမ်းရဲ့ နယ်ခြားစောင့်တပ်တွေကြား တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ဒုတိယပတ်ကစပြီး ဦးစခုန်တိန့်ယိမ်းရဲ့ နယ်ခြားစောင့် တပ်တွေက KIA တပ်တွေကို ထိုးစစ်ဆင်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီနှစ်အစပိုင်းမှာ KIA က ပူးပေါင်းဖို့ ဖိတ်ခေါ်ပေမဲ့ ဦးစခုန်တိန့်ယိမ်းက လက်မခံဘဲ KIA နဲ့ PDF တွေ ကျွံဝင်လာရင် အပြတ်ရှင်းဖို့ ဇွန်လ ၇ရက်မှာ စစ်မိန့်ထုတ်ခဲ့ပါတယ်။

စစ်မိန့်ထုတ်ပြန်ပြီးနောက်မှာ KIA က ပြည်သူ့စစ်နဲ့ BGF တပ်တွေရဲ့ တပ်စခန်းတွေအပြင် ဆဒုံးဗျူဟာစခန်းအပြင် စစ်ကောင်စီရဲ့တပ်စခန်းတွေကိုပါ သိမ်းပိုက်ရရှိခဲ့ပါတယ်။

ကချင်ဘက်က တိုက်ပွဲအခြေအနေတွေနဲ့ပတ်သတ်ပြီး ဘယ်မှာဖြစ်တာ၊ ဘယ်လိုပုံစံဖြစ်တာ၊ဘယ်လောက်ထိ ပြင်းထန်တယ်ဆိုတာကို အတည်ပြုပေးနိုင်တဲ့သတင်းတော့ မရှိသေးဘူးလို့ KIA ပြောဆိုခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက သတင်းဌာနတွေကို ထုတ်ပြန်ပါတယ်။

လွန်ခဲ့တဲ့ ၂ ရက်က ဦးစခုန်တိန့်ယိမ်းထုတ်ပြန်တဲ့ စစ်မိန့်ကို မထုတ်ပြန်သင့်တဲ့ စစ်မိန့်လို့ မှတ်ချက်ပေးပြီး လူမှုကွန်ယက်မှာ တင်ခဲ့ပါတယ်။

အဲဒီအချိန်က ဦးစခုန်တိန့်ယိမ်းရဲ့ BGF တပ်နဲ့ ပြည်သူ့စစ်တပ်တွေက ပန်ဝါဒေသက KIA တပ်မဟာ(၇၇)က တပ်တွေကို လာရောက်တိုက်ခိုက်ပြီး တိုက်ပွဲဖြစ်ပွားနေချိန် ဖြစ်တယ်လို့ သိရပါတယ်။

စက်တင်ဘာ ပထမပတ်အတွင်း KIA တပ်မဟာ (၇) နှင့် PDF ပူးပေါင်းတပ်တွေဟာ ပန်ဝါဒေသ လဂွေကျေးရွာက ပြည်သူ့စစ်စခန်းကို သိမ်းပိုက်ထားပါတယ်။

ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရဲစခန်းကိုလည်း KIA နှင့် PDF ပူးပေါင်းတပ်တွေ သိမ်းပိုက်ရရှိထားပြီး စစ်ကောင်စီတပ်တွေကို ပိတ်ဆို့ထားနိုင်ပြီလို့ စစ်ရေးအရင်းအမြစ်တွေဆီက သိရပါတယ်။

ဖားကန့်မြို့နယ်တစ်ခုလုံးမှာ စစ်ကောင်စီဘက်က ကံစည်းဗျူဟာကုန်း၊ အောင်ဘာလေတပ်စခန်း၊ မဇွပ်ယန်ထောင် တပ်စခန်း၊ လယ်ပြင်ယမ်းချက်၊ ဖားကန့်ဗျူဟာကုန်း နဲ့ ဖားကန့်ရဲစခန်း တို့သာ ကျန်တော့တယ်လို့ သိရပါတယ်။

ပုံစာ – ဖားကန့် ဆိုင်းတောင် တိုက်ပွဲမြင်ကွင်း (ပုံဟောင်း)

Photo – CJ

ဆက်စပ် သတင်းများ

Most read