နိုဝင်ဘာ(၂၁)၊၂၀၂၅
နိုင်ငံကျော် ကဗျာဆရာ၊စာရေးဆရာနှင့်သတင်းစာ ဆရာကြီးတစ်ဦးဖြစ်တဲ့ ဦးကိုလေး(အင်းဝဂုဏ်ရည်) ဟာ နိုဝင်ဘာလ၂၂ရက်နေ့မနက်ပိုင်းက ကွယ်လွန်သွားခဲ့တယ်လို့ စာရေးဆရာအသိုင်းအဝိုင်းက သိရပါတယ်။ ဦးကိုလေး(အင်းဝဂုဏ်ရည်)ဟာ ကွယ်လွန်ချိန်မှာ အသက်(၉၁)နှစ်အရွယ်ကို ရောက်ရှိနေပြီး လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်ပြီး နိုဝင်ဘာလ၂၃ရက်နေ့ နေ့လည်(၁)နာရီမှာ တံတားဦးသုဿန်၌ မီးသင်္ဂြိုလ်မှာဖြစ်ကာ နိုဝင်ဘာလ၂၈ရက်မှာ ရက်လည်ဆွမ်းကပ်တရားနာပြုလုပ်သွားမယ်လို့ သိရပါ တယ်။
ဦးကိုလေး(အင်းဝဂုဏ်ရည်)ကို အင်းဝမြို့၊ဈေးချို ပန်းပဲတန်းရပ်မှာ ဖခင်ဦးချွန်နဲ့မိခင်ဒေါ်မမကြီးတို့က ၁၉၃၅ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့မှာ မွေးဖွားခဲ့ပြီး အမည်ရင်းမှာ ကိုလေး ဖြစ်ကာမွေးချင်းသုံးယောက် အနက်မှ အကြီးဆုံးဖြစ်ပါတယ်။၁၉၅၄ ခုနှစ်မှာ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ပြီး မန္တလေးတက္ကသိုလ်ကနေ ဘွဲ့ရပြီးနောက် ကျောင်းဆရာအဖြစ်လုပ်ကိုင်ဆောင်ရွက်ခဲ့ပါတယ်။
၁၉၅၂ခုနှစ်မှာ စာပေနယ်ကို ကဗျာများစတင်ရေးသား ဝင်ရောက်ခဲ့ပြီး ၁၉၆၅ ခုနှစ် အတွက် အမျိုးသားစာပေ (ကဗျာ) ပထမဆုကိုရရှိခဲ့ပါတယ်။နိုင်ငံတော်အစိုးရက ချီး မြှင့်တဲ့ အမျိုးသားစာပေတစ်သက်တာဆုနဲ့အလင်္ကာကျော်စွာဆုများကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။


