Homeပြည်တွင်းသတင်းနယ်မြို့များရှိဘဏ်များတွင် တစ်ပတ်လျှင် ကျပ် ၁၀ သိန်းသာထုတ်ယူနိုင်သေး

နယ်မြို့များရှိဘဏ်များတွင် တစ်ပတ်လျှင် ကျပ် ၁၀ သိန်းသာထုတ်ယူနိုင်သေး

၁၆ ဇူလိုင်၊ ၂၀၂၄

ရန်ကုန်မြို့ရှိပုဂ္ဂလိကဘဏ်တွေမှာ တစ်ပတ်လျှင် ကျပ်သိန်း ၁၀၀ အထိ ထုတ်ပေးနေပေမဲ့ နယ်မြို့တွေက ဘဏ်ခွဲတွေမှာ ကျပ် ၁၀ သိန်းသာထုတ်လို့ရသေးတယ်လို့ ပြည်သူတွေပြောဆိုချက်အရ သိရပါတယ်။

ရန်ကုန်မြို့ရှိ ဧရာ၀တီဘဏ်၊ CB ဘဏ်၊ ကမ္ဘောဇဘဏ်၊ ရိုးမဘဏ် စတဲ့ပုဂ္ဂလိကဘဏ်တွေဟာ ယခုလ ၁၅ ရက်ကစတင်ပြီး ငွေထုတ်ယူလိုသူတွေကို ငွေစက္ကူ ကျပ်တစ်သောင်းတန်အသစ်တွေနဲ့ ကျပ် ၁၀ သိန်းမှ သိန်း ၁၀၀ အထိတိုးမြှင့်ထုတ်ပေးနေတယ်လို့ သတင်းဖော်ပြမှုတွေရှိနေပါတယ်။

“မနေ့က တစ်ပတ် သိန်းတစ်ရာထုတ်ပေးနေတယ်လို့ သတင်းရလို့ သွားထုတ်တာကို တစ်ပတ် ၁၀ သိန်းပဲ ရသေးတယ်လို့ ပြောတယ်။ တခြားဘဏ်တွေရနေပြီလို့ သူတို့ကို မေးတော့ ဆက်ပြီးမဖြေတော့ဘဲ ငွေ ၁၀ သိန်း ဒီတိုင်း ထုတ်ပေးတယ်၊ ဒါတောင်‌ ငွေကိုဘာလို့ ထုတ်မှာလဲမေးတယ်။ ဖောင်တော့မဖြည့်ရပါဘူး။”လို့ ပြင်ဦးလွင်မြို့မှာနေထိုင်သူတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

ရန်ကုန်နဲ့မန္တလေးမြို့တွေမှာသာ special account ဖွင့်ထားသူက ငွေကျပ်သိန်း ၁၀၀ အထိထုတ်ယူခွင့် ရရှိသေးတာဖြစ်တယ်လို့ နယ်မြို့တွေက ဘဏ်ခွဲတွေက ဖြေရှင်းမှုတွေရှိနေတယ်လို့လည်း သိရပါတယ်။

“မနေ့က သိန်း ၁၅၀ ထုတ်လို့ရပါတယ်။ ငွေကအသစ်တွေပါ။ Special Account ထဲကပါ။ ဘာလို့ထုတ်ရတာလဲ ဆိုတာကို သေချာမေးပါတယ်။ ရွှေ၊ မြေ၊ အိမ် ဝယ်ဖို့ မဟုတ်ကြောင်းနဲ့ ထုတ်ရတဲ့အကြောင်းရင်းကိုဖြည့်ရတဲ့ လျှောက်လွှာတစ်စောင်ဖြည့်ပြီး လက်မှတ်ထိုးရပါတယ်။ မနေ့ကတော့ တန်းစီထုတ်တဲ့သူများတယ်။ တစ်ဘဏ်လုံး လာထုတ်သူတွေချည်းပဲလို့တောင် ပြောလို့ရတယ်” လို့ ဘဏ်မှာ ငွေထုတ်လာသူတစ်ဦးက ပြောပြပါတယ်။

ဘဏ်တွေမှာ ငွေကြေးထုတ်ယူနိုင်တဲ့ပမာဏ ကန့်သတ်မထားကြောင်းနဲ့ မိမိတို့ အပ်နှံထားတဲ့ငွေကို အချိန်မရွေးထုတ်လို့ရတယ်လို့ စစ်ကောင်စီရဲ့ ဗဟိုဘဏ်ကတော့ ဇူလိုင်လ ၁၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဆက်စပ် သတင်းများ

Most read