၂၁ ဒီဇင်ဘာ၊ ၂၀၂၄
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်
တိုင်းစစ်ရုံးကို နှစ်ပတ်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် နပခ (အမ်း) ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်း နဲ့ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ကို လက်ရဖမ်းဆီးရမိပြီး နပခဌာနချုပ်(အမ်း) ကို ဒီဇင်ဘာ ၂၀ ရက် နေ့လည် ၁ နာရီ ၄၀မိနစ်မှာ သိမ်းပိုက်နိုင်ခဲ့ကြောင်း AA က ပုံနဲ့တကွ ထုတ်ပြန်ပါတယ်။
တိုက်ပွဲကာလအတွင်းမှာ စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးပစ်ကူများ ဆက်တိုက်ပစ်ခတ်ခဲ့ပြီး လေကြောင်းက စုစုပေါင်းအင်အား (၁၅၀) ခန့်စီကို သုံးကြိမ်တိုင်တိုင် စစ်ကူလာချပေးခဲ့တယ်လို့ ဆိုပါတယ်။
အမ်းမြို့နယ်တစ်ခုလုံးကို ဒီဇင်ဘာ ၂၀ရက်မှာ အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သောကြောင့် အမ်းမြို့ဟာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှ အပြည့်အဝ အလုံးစုံထိန်းချုပ်ထားနိုင်သော (၁၄) မြို့မြောက် မြို့ဖြစ်လာကြောင်းလည်း AA က ပြောဆိုပါတယ်။
အမ်း မတိုင်မီ သိမ်းပိုက်ထားသော (၁၃) မြို့မှာ ပလက်ဝမြို့၊ ပေါက်တောမြို့၊ မင်းပြားမြို့၊ မြောက်ဦးမြို့၊ ကျောက်တော်မြို့၊ မြေပုံမြို့၊ ပုဏ္ဏားကျွန်းမြို့၊ ရမ်းဗြဲမြို့၊ ရသေ့တောင်မြို့၊ ဘူးသီးတောင်မြို့၊ သံတွဲမြို့၊ တောင်ကုတ်မြို့ နဲ့ မောင်တောမြို့တို့ ဖြစ်ပါတယ်။
လက်ရှိမှာ ဂွမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေပြီး ဂွမြို့ရဲ့ ၃ ပုံ ၂ ပုံကို AA က သိမ်းပိုက်ထားပြီး ရခိုင်ပြည်နယ်အတွင်းမှာ စစ်တွေ၊ မာန်အောင်နဲ့ ကျောက်ဖြူတို့သာသိမ်းပိုက်ဖို့ ကျန်တော့မယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
Photo – AA Info Desk