Homeပြည်တွင်းသတင်းဒိုက်ဦးမှာ ထောင်ပြောင်းနိုင်ငံရေးအကျဉ်းသူတွေကို ဆေးဝါးကုသမှုမပေးဘဲ တိုက်ပိတ်ထားတဲ့အတွက် နိုင်ငံရေးအကျဉ်းသား အဖွဲ့အစည်း ၈ ဖွဲ့က ပူးပေါင်း တောင်းဆိုချက် ထုတ်ပြန်

ဒိုက်ဦးမှာ ထောင်ပြောင်းနိုင်ငံရေးအကျဉ်းသူတွေကို ဆေးဝါးကုသမှုမပေးဘဲ တိုက်ပိတ်ထားတဲ့အတွက် နိုင်ငံရေးအကျဉ်းသား အဖွဲ့အစည်း ၈ ဖွဲ့က ပူးပေါင်း တောင်းဆိုချက် ထုတ်ပြန်

၂၅ ဇွန်၊ ၂၀၂၄

ကျိုက်မရောထောင်မှ ပြောင်းရွှေ့လာတဲ့ နိုင်ငံရေးအကျဉ်းသူများအပါအဝင် ဒိုက်ဦးထောင်မှာ အကျဉ်းသူ ၈၀ ကျော်ကို ရိုက်နှက်ခဲ့ပြီး ဒဏ်ရာရရှိထားတဲ့ အကျဉ်းသူတွေကို ထိရောက်တဲ့ ဆေးဝါးကုသမှုမပေးဘဲ တချို့ကို တိုက်ပိတ်ထားတဲ့အတွက် နိုင်ငံရေးအကျဉ်းသား အဖွဲ့အစည်း ၈ ဖွဲ့က တရားဝင် စာထုတ်ပြီး တောင်းဆိုချက်တစ်စောင် ဇွန်လ ၂၅ ရက်က ထုတ်ပြန်လိုက်ပါတယ်။

ဖြစ်စဉ်အကျဉ်းမှာ ဇွန်လ ၁၂ ရက်နေ့မှာ ကျိုက်မရောအကျဉ်းထောင်က အကျဉ်းသား တစ်ဦး ဓာတ်လိုက် ပြီး အမြင့်က ပြုတ်ကျခဲ့တဲ့အတွက် အရေးပေါ် ဆေးကုသခွင့်ရဖို့ အော်ဟစ်တောင်းဆိုရာက နိုင်ငံရေး အ ကျဉ်း သား အကျဉ်းသူတွေအပါအဝင် အကျဉ်းသား ၁၆၀ကို ဒိုက်ဦးထောင်ကို ပြောင်းရွှေ့ခဲ့ပါတယ်။

ဒိုက်ဦးထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသူတွေ ပါလာတဲ့ စားသောက်စရာတွေနဲ့ အဝတ်အစား တွေကို မူးယစ်ဆေးဝါးများ ပါတယ်ဆိုတဲ့ စွဲချက်နဲ့ နိုင်ထက်စီးနင်း သိမ်းဆည်းတာကို နိုင်ငံရေးအကျဉ်း သူတွေအပါအဝင် အကျဉ်းသူတွေက အကျဉ်းသား အခွင့်အရေးတောင်းဆိုခဲ့တဲ့အတွက် အကျဉ်းသူ ၈၀‌ ကျော်ကို အင်အားသုံး ဆဲဆို ရိုက်နှက်ခဲ့ပါတယ်။

ဒီဖြစ်ရပ်ကြောင့် ၅ ဦးနဲ့ အထက် အပြင်းအထန် ဒဏ်ရာရပြီး ၃၀ကျော်က ထိခိုက်ဒဏ်ရာ ရခဲ့ကြပါတယ်။ ဒဏ်ရာရထားတဲ့ လူ ၃၀ ကျော်ကို ခုချိန်ထိ ထိရောက်တဲ့ ကုသမှုတွေ မပေးဘဲနိုင်ငံရေးအကျဉ်းသူ ၃၀ကျော်ကို တိုက်ပိတ်ထားတဲ့အတွက် အချက် ၅ ချက်ပါ တောင်းဆိုစာ ထုတ်ပြန်တာဖြစ်ပါတယ်။

၁။ အတင်းအဓမ္မ ထောင်ပြောင်းရွှေ့ပြီးနောက် တိုက်ပိတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသူများ အတွက် မိသားစုဝင်များပို့ဆောင်သည့် ထောင်ဝင်စာပါဆယ်များကို လက်ခံရန်နှင့် ထောင်ဝင်စာဧည့်တွေ့ခွင့် အမြန် ဆုံး ပြန်လည်စီစဥ်ဆောင်ရွက်ပေးရန်။

၂။ ဒိုက်ဦးအကျဉ်းထောင်အတွင်း အကြမ်းဖက်ခံရမှုဖြစ်စဉ်ကြောင့် တိုက်ပိတ်ခံထားရသည့် နိုင်ငံရေး အကျဉ်းသူများအား ခြွင်းချက်မရှိ တိုက်ထဲမှ အမြန်ဆုံး ထုတ်ပေးရန် ။

၃။ ဥပဒေမဲ့ ရိုက်နှက်ခဲ့မှုကြောင့် ဒဏ်ရာရရှိခဲ့သူများကို ကောင်းမွန် လုံလောက်သည့် ဆေးဝါးကုသမှုများ ကျန်းမာရေးစောင့်ရှောက်မှုများအမြန်ဆုံး ဆောင်ရွက်ပေးရန်။

၄။ ထောင်ပြောင်းရွှေ့စဉ် သက်သေမရှိဘဲ လုပ်ကြံ၍ မတရားစွဲဆိုခံထားရသည့် မူးယစ်ဆေးမှုများ အပါအဝင် ပုဒ်မအမျိုးမျိုးတပ်၍ ထပ်တိုးစွဲဆိုထားသော အမှုများအားလုံး ချက်ချင်းပိတ်သိမ်းရန်။

၅။ အကြောင်းပြချက်မခိုင်လုံဘဲ သိမ်းဆည်းထားသည့် နိုင်ငံရေးအကျဉ်းသူများ၏ အသုံးအဆောင် ပစ္စည်းများအား ပြန်လည်ပေးအပ်ရန် မိမိတို့မှ တောင်းဆိုလိုက်တယ်လို့ ဆိုထားပါတယ်။

နိုင်ငံတကာအစိုးရများနှင့်လူ့အခွင့်အရေးအဖွဲ့အစည်းများအနေဖြင့်လည်း နိုင်ငံရေးအကျဉ်းသားများ အားမတရားညှဉ်းပန်းနှိပ်စက်မှုများကျူးလွန်နေသည့်စစ်ကောင်စီအပေါ်ပြင်းထန်ထိရောက်သည့် ဖိအားပေးမှုကို လက်တွေ့ လုပ်ဆောင်‌‌ရန် စတဲ့ အချက်၅ချက် ပါရှိပြီး လိုက်နာမှုမရှိရင် အကျဉ်း ထောင်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို သက်ဆိုင်တဲ့ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ အားလုံးနဲ့ ချိတ်ဆက်ပြီး အရှိန်မြှင့် လုပ်ဆောင်သွားမယ်လို့ သတိပေးထားပါတယ်။

ပူးတွဲထုတ်ပြန်တဲ့အဖွဲ့ ၈ ဖွဲ့ က နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့(FPPS)၊ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အကျဉ်းသားများ ကွန်ရက်(PPNM)၊ နိုင်ငံရေးအကျဉ်းသူများအဖွဲ့(WOPP)၊ ထောင်ဝင်စာပို့ကြမယ်၊ နွေဦးတမန်နိုင်ကျဉ်း ကူညီထောက်ပံ့ရေးအဖွဲ့၊ ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး(KPPA)၊ Eat My Heart တို့ ဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read