၂၂ မေ ၊၂၀၂၆
ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း ကိုဗစ် ၁၉ ကူးစက်ခံရသူ ၅၀၀၀၀ နီးပါးအထိရှိလာပြီဖြစ်တယ်လို့ ထိုင်း ရောဂါ ထိန်းချုပ်ရေးဌာန(DDC)က ထုတ်ပြန်သတိပေးထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြလာမှုအရ သိရပါတယ်။
ထိုင်း ရောဂါထိန်းချုပ်ရေးဌာန(DDC) ရဲ့ ထုတ်ပြန်ထားမှုအရ မေလ ၁၁ ရက်ကနေ ၁၇ ရက်နေ့အထိ ကိုဗစ် ၁၉ ကူးစက်သူ ၄၉,၀၆၅ ယောက်နဲ့ မေလ ၁၈ ရက်ကနေ ၂၁ ရက်နေ့အထိ ကူးစက်သူ ၁၂,၅၂၄ ယောက် အထိရှိ ကြောင်းနဲ့ ရာသီတုပ်ကွေး ကူးစက်သူဟာ မေလ ၁၁ ရက်ကနေ ၁၇ ရက်အထိ ၆,၈၃၇ ယောက်နဲ့ မေလ ၁၈ ရက်ကနေ ၂၁ ရက်အထိ ၁,၄၄၇ ယောက် ရှိခဲ့ကာ ကိုဗစ် ၁၉ ကူးစက်သူဟာ တုပ်ကွေး ကူးစက်သူထက် များ နေတာကို တွေ့ရပါတယ်။
ဆက်လက်ပြီး ကိုဗစ် ၁၉ ကူးစက်မှု မြင့်မားနေပေမယ့် သေဆုံးမှုနှုန်းကျလာကြောင်း၊ လက်ရှိ သေဆုံးမှုနှုန်းဟာ ၀.၀၂ ရာခိုင်နှုန်း ဖြစ်ပြီး အစောပိုင်းက ၀.၁၄ ရာခိုင်နှုန်းထက် ကျဆင်းလာကြာင်းနဲ့ တုပ်ကွေးကြောင့် သေဆုံး မှုနှုန်း ၀.၀၁ ရာခိုင်နှုန်းပဲ ရှိပြီး တုပ်ကွေး ကာကွယ်ဆေးတွေကြောင့် အခုလို နည်းပါး တာဖြစ် တယ်လို့လည်း ဆိုထားပါတယ်။
ကိုဗစ် ၁၉ ကို အထူးဂရုစိုက်ရမယ့် အန္တရာယ်ရှိတဲ့အုပ်စုထဲပါဝင်သူတွေမှာ အသက် ၆၅ နှစ်နဲ့အထက် လူကြီး တွေ၊ ပန်းနာရင်ကြပ်၊ နှလုံး၊ လေဖြတ်၊ ကျောက်ကပ် လို ပြင်းထန်တဲ့ ရောဂါအခံရှိသူတွေ၊ ကိုယ်ခံအား နည်းသူတွေ သတိထားဖို့လိုတယ်လို့ဆိုပါတယ်။
ဆက်လက်ပြီး ၁၀၀ ကီလိုဂရမ်နဲ့ အထက် ကိုယ်အလေးချိန်ရှိသူ သို့မဟုတ် BMI ဟာ ၃၅ ထက်ကျော် သူတွေလည်း ဂရုစိုက်ရမှာဖြစ်ကြောင်းနဲ့ ကိုယ်ဝန်ဆောင်သည်တွေနဲ့ အသက် ၃ နှစ်အောက် ကလေး ငယ်တွေလည်း ဂရုဆိုက်ရမှာဖြစ်တယ်လို့ DDC က အသိပေးထားပါတယ်။
ထိုင်း ရောဂါ ထိန်းချုပ်ရေးဌာန DDC အနေနဲ့ နောက် ၂ လ ၊ ၃ လ ဆက်တိုက် ကိုဗစ် ၁၉ ကူးစက်မှုမြင့် မား မယ်လို့ ခန့်မှန်းထားပေမယ့် လူတွေအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အကြုံပြုချက်နဲ့အညီ တစ်ကိုယ်ရေ သန့်ရှင်းမှုကောင်းအောင် ပြုလုပ်ကြမယ်ဆိုရင် ကူးစက်မှုကို လျှင်မြန်စွာ လျှော့ချနိုင်မယ်လို့ လည်း ပြောဆိုထားပါတယ်။
ကာကွယ်ဆေး အကြောင်းနဲ့ ပတ်သက်ပြီး မေလ ကနေ ဩဂုတ်လအထိ အနီးအနားက ဆေးရုံ၊ ဆေးခန်းတွေမှာ တုပ်ကွေး ကာကွယ်ဆေးထိုးဖို့ အန္တရာယ်ရှိတဲ့ အုပ်စုတွေကို နှိုးဆော်ထားတယ်လို့ ပြောပါတယ်။
ဓာတ်ပုံ – The Nation Thailand