တောင်ငူ(ကေတုမတီ) လေတပ်စခန်းကို မေလ ၁၈ ရက်က ၁၀၇ မမ ရှော့တိုက်ဒုံး တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ လေတပ်အရာရှိ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူ ၂ ဦး ပွဲချင်းပြီးသေဆုံးခဲ့သလို လေတပ်အရာရှိ ဗိုလ်ကြီးအဆင့်ရှိသူ ၂ ဦး ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ Brave Warriors for Myanmar (BWM) ကနေ သိရပါတယ်။
ဒါ့အပြင် လေအုပ်အပါအဝင်အခြားအဆင့်စစ်သည် ၆ ဦးလည်း နေရာမှာပင်သေဆုံးခဲ့သလို လေတပ်အတွင်း ဒရုံးဂိုဒေါင်မီးလောင်ပျက်စီးသွားပြီး Jet Fighter ၂ စီး ထိခိုက် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
Y 8 ၁ စီးလည်း ထိခိုက်မှုရှိခဲ့ပြီး လေယာဉ်အပိုပစ္စည်းဂိုဒေါင် ၂လုံး ပျက်စီးသွားသလို လေတပ်စစ်သည် ၁၂ ဦး ဒဏ်ရာရရှိထားပြီး စစ်ဆေးရုံကို ပို့ဆောင်ထားကြောင်းလည်းစုံစမ်းသိရှိရတယ်လို့ Brave Warriors for Myanmar (BWM) က မေလ ၁၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံး ၁၁ လုံးပစ်ခတ်တိုက်ခိုက်ရာမှာ ၈ လုံးအောင်မြင်စွာ ပစ်ခတ်နိုင်ကြောင်း Brave Warriors for Myanmar (BWM) က မေလ ၁၈ ရက်မှာသတင်းထုတ်ပြန်ပါတယ်။
အဲ့ဒီ ပစ်ခတ်မှု မေလ ၁၈ ရက် မနက် ၁ နာရီ ၄၈ မိနစ် အချိန်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ ဦးဆောင်စီမံမှု နဲ့ Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF) ၊ သံတောင်မြောက်ပိုင်း အထူးဒေသ အဖွဲ့ တို့ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက် က တောင်ငူအခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ တောင်ငူ(ကေတုမတီ) လေတပ်ကို Brave Warriors for Myanmar (BWM) အဖွဲ့က ဦးဆောင်ပြီး တိုက်ဒုံးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။
အဲ့ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က လေတပ်ရဲမေနဲ့ လေတပ်အရာရှိတွေ အပါအဝင် ၁၁ ဦးသေဆုံးပြီး အဆာက်အဦးများ မီးလောင်ပျက်စီးခဲ့ Brave Warriors for Myanmar (BWM) ကထုတ်ပြန်ခဲ့ပါတယ်။