Homeပြည်တွင်းသတင်းတောင်ကျချောင်းရေထဲ မျောပါသွားတဲ့ ကရင်နီ ဆေးတပ်သား ၁၈ ဦးအတွက် NUGက အာဇာနည်သူရဲကောင်းအဖြစ်သတ်မှတ်ကြောင်းနဲ့ ဝမ်းနည်းကြောင်းသဝဏ်လွှာပို့

တောင်ကျချောင်းရေထဲ မျောပါသွားတဲ့ ကရင်နီ ဆေးတပ်သား ၁၈ ဦးအတွက် NUGက အာဇာနည်သူရဲကောင်းအဖြစ်သတ်မှတ်ကြောင်းနဲ့ ဝမ်းနည်းကြောင်းသဝဏ်လွှာပို့

၁၅ စက်တင်ဘာ၊ ၂၀၂၄

လေ့ကျင့်ရေး မစ်ရှင်တစ်ခုပြုလုပ်နေတုန်း တောင်ကျချောင်းရေနဲ့ မျောပါသွားတဲ့ ကရင်နီပြည်နယ်က KNDF ဆေးတပ်သား ၁၈ ဦးအတွက် အာဇာနည်သူရဲကောင်းအဖြစ် သတ်မှတ်ပြီး ဝမ်းနည်းကြောင်းသဝဏ်လွှာကို ဒီနေ့ စက်တင်ဘာ ၁၅ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) ၊ ဆေးဌာနက ကြီးမှူးပြုလုပ်တဲ့ ဆေးသင်တန်းက သင်တန်းသားတွေဟာစက်တင်ဘာလ ၁၁ရက် ညပိုင်းမှာ သင်ခန်းစာ လေ့ကျင့်ရေးမစ်ရှင် ပြုလုပ်ရာ ရေကြီးနေတဲ့ ချောင်းတစ်ခုကို ဖြတ်ကူးနေတုန်း ဆေးသင်တန်းသား ၁၈ဦး ရေထဲမျောပါပြီး ကျဆုံးခဲ့ပါတယ်။

စစ်အာဏာရှင် ပြုတ်ကျဖို့အတွက် အသက် ၊ ခန္ဓာ နဲ့ ဘဝတွေ ပေးအပ်ပြီး တိုက်ပွဲဝင်ခဲ့ကြတဲ့ အာဇာနည်သူရဲကောင်းတွေကို တိုင်တည်ပြီး ဆထက်ထမ်းပိုး တိုက်ပွဲ ဝင်သွားမယ်လို့ NUG က သဝဏ်လွှာမှာ ဖော်ပြပါတယ်။

ဆေးသင်တန်းသား ၁၈ ဦး ဆုံးရှုံးခဲ့တဲ့ မတော်တဆဖြစ်ရပ်အတွက် ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်(KNDF)ကလည်း သက်ဆိုင်ရာမိသားစုဝင်များ၊ တပ်ရင်းတပ်ဖွဲ့များနှင့်အတူ များစွာဝမ်း နည်းကြေကွဲရတယ်လို့ ထုတ်ပြန်ပါတယ်။ ဒီမတော်တဆဖြစ်စဉ်ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ဗဟိုအနေနဲ့ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီး ပြည်သူကို အသိပေး ကြေညာသွားမယ်လို့ ဆိုပါတယ်။

Photo – NUG

ဆက်စပ် သတင်းများ

Most read