၁၁ စက်တင်ဘာ၊ ၂၀၂၄
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ထိုင်းမြန်မာနယ်စပ်က တာချီလိတ်မြို့မှာ စက်တင်ဘာ ၁၀ ရက် မနက်အစောပိုင်းက စတင်ပြီး မယ်ဆိုင်ချောင်းရေ မြင့်တက်နေတာကြောင့် ရေကြီးရေမြုပ်နေပြီး ကယ်ဆယ်ရေးအကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မယ်ဆိုင်ချောင်းနဲ့အနီးဆုံးဖြစ်တဲ့ ပုန်းထွန်ရပ်ကွက်ဟာ အနိမ့်ပိုင်းရပ်ကွက်ဖြစ်ပြီး ရေလွှမ်းမိုးမှုဒဏ်ကို ဆိုးဆိုးရွားရွား ခံစားနေရပါတယ် ပုန်းထွန်ရပ်ကွက်ထဲက ဗေဒါလမ်းအတွင်း နန္ဒာဝန်ဥယျာဉ်ဟိုတယ်ဘေး အမှတ်(၈/၃၅)ဝန်းအတွင်းက နေအိမ်တိုက်ခန်းတန်းလျားတခုမှာရေကြီးပြီး လူ ၅၀ ဝန်းကျင် ပိတ်မိနေတယ်လို့ သိရပါတယ်။ ၃ ထပ်တိုက်တန်းလျားမှာ ၂ ထပ်အထိ ရေမြုပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
တာချီလိတ်မြို့မှာ စက်တင်ဘာ ၁၀ ရက် မနေ့က ည ၈နာရီ ဝန်းကျင်ကစပြီး အမြင့်ပိုင်းရပ်ကွက်တွေပါ ရေမြုပ်ကုန်တယ်လို့ ဒေသတွင်းသတင်းတွေကလည်း ဖော်ပြပါတယ်။ တထပ်နဲ့ နှစ်ထပ်လူနေအိမ်တွေဟာ အကုန်နစ်မြုပ်ကုန်ပြီး နှစ်ထပ်အထပ်လူနေအိမ်တွေမှာလည်း ထွက်ပြေးဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။
“ကယ်ဆယ်ရေးဖုန်းတွေ တစ်လုံးမှ ခေါ်မရဘူး ။ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေ ရှိတဲ့အိမ်တွေတော့ ဒုက္ခပဲ ။ ကယ်ဆယ်ရေးသမားတွေလည်း ဒီမနက်ထိ မအားကြတာထင်ပါတယ်၊ ထမင်းထုပ်ဝေတဲ့လှေလဲ မလာသေးတော့ မနေ့ထဲက ထမင်းမစားကြရသေးဘူး ။ ဒီတခါ ရေကြီးတာ အဆိုးဆုံးပါပဲ ” လို့ တာချီလိတ်မြို့ခံတစ်ဦးက ဆိုပါတယ်။
လက်ရှိမှာတာချီလိတ်မြို့နဲ့အနီးတဝိုက်မှာ မီးပြတ်နေပြီး အင်တာနက်ဝိုင်ဖိုင်လိုင်းနဲ့ ဖုန်းလိုင်းတွေ လုံးဝ မရတော့ကြောင်းလည်း သိရပါတယ်၊ တချို့ရပ်ကွက်တွေမှာ ထိုင်းဆင်းကတ်သုံးဖုန်းတွေ ဆက်လို့ ရသေးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
တာချီလိတ်မြို့နယ် ၊ မြ၀တီမြို့နယ်၊ ကျိုင်းတုံမြို့နယ်၊ ဟိုပုံးမြို့နယ် ၊ ကျောက်ဆည်မြို့နယ်များမှာ မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် ချောင်းရေ မြစ်ရေကြီးခြင်း ၊ တောင်ကျချောင်းရေစီးဆင်းခြင်းတို့ကြောင့် ရေကြီးရေလွှမ်းမိုးနေပါတယ်။
ဒါ့အပြင် နေပြည်တော်ဒေသ၊ တပ်ကုန်းမြို့နယ်မှာလည်း ဒီနေ့မနက် မိုးသည်းထန်စွာ ရွာသွန်းပြီး မုံချောင်းဆည်က ရေလွှတ်ချလိုက်တာကြောင့် ရွာ ၇ ရွာထက်မနည်း ရေလွှမ်းမိုးကာ ကယ်ဆယ်ရေးအကူအညီတွေကို တောင်းခံနေကြပါတယ်။
ပုံစာ – တာချီလိတ်မြို့ ရေကြီးနေမှုမြင်ကွင်းများ
Photo – U Hla Moe