Homeပြည်တွင်းသတင်းတအာင်းတပ်မတော်အနေနဲ့ ချက်ချင်း အပစ်ရပ်ဖို့ တရုတ်ဘက်က ခြိမ်းခြောက်စာပို့

တအာင်းတပ်မတော်အနေနဲ့ ချက်ချင်း အပစ်ရပ်ဖို့ တရုတ်ဘက်က ခြိမ်းခြောက်စာပို့

၃၁ ဩဂုတ်၊ ၂၀၂၄

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)ကို ချက်ချင်းအပစ်ရပ်ဖို့နဲ့ အပစ် မရပ်ရင် တရုတ်ဘက်က သွန်သင်ဆုံးမတဲ့ နည်းလမ်းတွေကို ပိုမိုလုပ်ဆောင်သွားမှာဖြစ်ပြီး ဖြစ်ပေါ် လာတဲ့ အကျိုး ဆက်တွေကို တာဝန်ယူရမယ်လို့ တရုတ်ဘက်က ခြိမ်းခြောက်တဲ့ အကြောင်းကြားစာ တစ်စောင် ရရှိထားကြောင်း တအာင်းသတင်းဌာနတစ်ခုဖြစ်တဲ့ ရွှေဖီမြေက ဖော်ပြပါတယ်။

ဒီစာကို တရုတ်နိုင်ငံ၊ ရွှေလီမြို့ နိုင်ငံတော်လုံခြုံရေးကော်မတီက ပေးပို့ခဲ့တာလို့ သိရပြီး ဩဂုတ်လ ၂၉ ရက်စွနဲ့ ပို့ခဲ့တာ ဖြစ်ပါတယ်။

စာထဲမှာ တရုတ်ဘက်က စစ်ရေးလေ့ကျင့်မှု ပြီးဆုံးတော့မှာ ဖြစ်တဲ့ အတွက် တအာင်းတပ်ဘက်က တိုက်ပွဲတွေကို ချက်ချင်းအပစ်ရပ်ပြီး မြန်မာမြောက်ပိုင်းနဲ့ တရုတ်-မြန်မာနယ်စပ်ဒေသတွေမှာ အေး ချမ်းတည်ငြိမ်မှုကို ထိန်းသိမ်းဖို့ တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ မျှော်လင့်ကြောင်း ရေး ထားပါတယ်။

တရုတ် မြန်မာနယ်စပ်က အရပ်သူအရပ်သားတွေနဲ့ မြန်မာနိုင်ငံက တရုတ်နိုင်ငံသားတွေ၊ တရုတ် ပိုင်လုပ်ငန်းတွေနဲ့ သက်ဆိုင်တဲ့ လုံခြုံမှုတွေကို အာမခံပေးဖို့ အန္တရာယ်ရှိတဲ့ စစ်ရေးအပြုအမူကို ပပျောက်အောင် ဆောင်ရွက်ရမယ်လို့ ဆိုထားပါတယ်။

မလုပ်ဆောင်ခဲ့ရင် တရုတ်ဘက်က ကြောက်ရွံ့ကျိုးနွံအောင် ဆုံးမသွန်သင်တဲ့ နည်းလမ်းတွေကို ပိုမိုလုပ်ဆောင်မှာဖြစ်ပြီး ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကို တအာင်းတပ်အနေနဲ့ တာဝန်ယူ ရမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

အခြေအနေတွေကို ရှင်းရှင်းလင်းလင်းနားလည်ပြီး တရုတ်နိုင်ငံနဲ့အတူ ငြိမ်းချမ်းရေးမြှင့်တင်ဖို့ ကြိုးပမ်းဆောင်ရွက်ဖို့ ၊ ကွဲလွဲမှုတွေကို ညှိနှိုင်းဖြေရှင်းရေးအတွက် မှန်ကန်တဲ့လမ်းကြောင်းကို အမြန်ဆုံးပြန်လာမယ်လို့ မျှော်လင့်ကြောင်း စာမှာ ပါဝင်ပါတယ်။

ဒီအခြေအနေပေါ် မူတည်ပြီး တရုတ်ဘက်က အပြုသဘောဆောင်တဲ့ အခန်းကဏ္ဏကနေမြန်မာနိုင်ငံ မြောက်ပိုင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကူညီပြီး တရားဝင်အခွင့်အရေးနဲ့ အကျိုးစီးပွါးများကို ရရှိစေဖို့ ကျန်းမာစွာနေထိုင်နိုင်တဲ့ ဖွံ့ဖြိုးရေး အကောင်အထည်ဖော်ဖို့ ကူညီပေးမယ်လို့ ဆိုပါတယ်။

ဘယ်နေရာ ဘယ်ဒေသရောက်ရောက် တရုတ်ဘက်က အမြဲစောင့်ကြည့်နေမယ်လို့လည်း ဆိုထား ပါတယ်။

ဒီစာဟာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ရွှေလီမြို့ နိုင်ငံတော်လုံခြုံရေးကော်မတီက ပေးပို့ခြင်း ဟုတ်မ ဟုတ်ကိုတော့ တရုတ်အာဏာပိုင်တွေဘက်က အတည်ပြုတာ၊ ငြင်းဆိုတာတွေ မရှိသေးပါဘူး။

ဆက်စပ် သတင်းများ

Most read