၈ နိုဝင်ဘာ၊၂၀၂၄
မြောက်ပိုင်း ညီနောင်မဟာမိတ်(၃)ဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးကိုလိုလားကြောင်း ရှင်းလင်းပြတ်သားတဲ့ လုပ်ဆောင်ချက်ပြသလာမှသာ ဆွေးနွေးမှုကို ဆောင်ရွက်နိုင်မယ်လို့ တရုတ်နိုင်ငံခရီးစဉ်အတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။
ခရီးစဉ်အတွင်း တရုတ်နိုင်ငံဝန်ကြီးချုပ် H.E. Mr. Li Qiangနဲ့ ကူမင်းမြို့မှာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၆)ရက်နေ့ တွေ့ဆုံမှုအတွင်း စစ်ခေါင်းဆောင်က ပြောဆိုခဲ့တာဖြစ်ပါတယ်။
“ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားပါက မိမိတို့အနေဖြင့် ငြိမ်းချမ်းရေး တံခါးကိုအမြဲဖွင့်ထားပြီး ဆွေးနွေး ရန် အသင့်ရှိပါကြောင်း၊ လက်နက်ကိုင်အကြမ်းဖက်သမားများအနေဖြင့် ဖြစ်လိုသည်ကို ရှေ့တန်းတင်မည့်အစား ဖြစ်သင့်သည်ကို လုပ်ဆောင်ကြရန်လိုကြောင်း၊ MNDAA၊ TNLA နှင့် AAအဖွဲ့သုံးဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးကို လိုလားကြောင်း ရှင်းလင်းပြတ်သားသည့် လုပ်ဆောင်ချက်ပြသလာမှသာလျင် မိမိတို့အနေဖြင့်ဆွေးနွေးမှုကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။”ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုထားပါတယ်။
MNDAA ၊ TNLA နဲ့ AA အဖွဲ့တွေကို စစ်ခေါင်းဆောင်က သောင်းကျန်းသူအဖွဲ့တွေလို့သုံးနှုန်းပြီး ၂၀၂၂ ခုနှစ်၊ ဧပြီလက ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကိုငြင်းပယ်ကာ MNDAA အနေနဲ့ ၎င်းတို့ရဲ့ အထူးဒေသ (၁) ပြန်လည် အသက်သွင်းနိုင်ရေးကိုသာ လုပ်ဆောင်နေတယ်လို့လည်း ပြောဆိုထားပြီး တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိခဲ့ပေမယ့် ၎င်းတို့အနေနဲ့ သဘောတူညီချက်ကို ချိုးဖောက်ကာ မြို့ရွာတွေကို ဆက်လက်တိုက်ပွဲဖော်ဆောင်နေတယ်လို့ မင်းအောင်လှိုင်ကပြောဆိုထားပါတယ်။
ထို့အပြင် နယ်စပ်ဒေသရှိ လက်နက်ကိုင်တွေရဲ့ အထောက်အပံ့တွေဖြစ်တဲ့ တရားမဝင်လုပ်ငန်းတွေနဲ့ တရားမဝင်ကုန်သွယ်မှုတွေကိုလည်း တိုက်ဖျက်ရှင်းလင်းဆောင်ရွက်ရမှာဖြစ်တယ်လို့လည်း စစ်ခေါင်းဆောင်က တရုတ်ကိုပြောဆိုထားပါတယ်။
Photo – MOI