Homeပြည်တွင်းသတင်းဈေးဆိုင်ဖွင့်မှုနဲ့ မြန်မာအမျိုးသမီးတစ်ယောက်ကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီး

ဈေးဆိုင်ဖွင့်မှုနဲ့ မြန်မာအမျိုးသမီးတစ်ယောက်ကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီး

၂၂ ဩဂုတ်၊ ၂၀၂၄

ထိုင်းနိုင်ငံ၊ ဆူရတ်ဌာနီခရိုင်၊ ကော့ဖဂန်ကျွန်းမှာမှာ ဈေးဆိုင်ဖွင့်မှုနဲ့ မြန်မာအမျိုးသမီးတစ်ဦးကို ဒေသခံအာဏာပိုင်အဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးအဖွဲ့နဲ့ထိုင်းရဲတပ်ဖွဲ့က ပူးပေါင်းပြီး ဩဂုတ်လ ၂၁ ရက်နေ့မှာ ဝင်ရောက်ဖမ်းဆီးလိုက်တယ်လို့ ဘန်ကောက်ပို့စ်သတင်းဌာနက ဖော်ပြပါတယ်။

ဒီဈေးဆိုင်ကို အသက် ၃၆ နှစ်အရွယ် မြန်မာနိုင်ငံသား မအေးအေးခိုင်ဦးက ရောင်းချနေတာဖြစ်ပြီး ခေါက်ဆွဲခြောက်၊ ကော်ဖီမစ်နဲ့ မှောင်ခိုစီးကရက်တွေ တင်ရောင်းနေခဲ့တာပါ။

ထိုင်းနိုင်ငံ ဥပဒေအရ မြန်မာနိုင်ငံသားအပါအဝင် တခြားပြည်ပနိုင်ငံသားတွေ ခွင့်ပြုချက်ရယူပြီးမှ လုပ်ဖို့တားမြစ်ထားတဲ့ လုပ်ငန်းပေါင်းများစွာ ရှိပါတယ်။ ခရီးသည်တင်ပို့လုပ်ငန်း၊ ဆံပင်ညှပ်အလှပြင်လုပ်ငန်း၊ ကျောက်သွေးလုပ်ငန်း ၊ ချည်ထည်ရက်လုပ်ခြင်း၊ ပန်းပုထုခြင်းတို့လို လုပ်ငန်း ၂၇ ခုကို တင်းကြပ်စွာတားမြစ်ထားပြီး ကုန်စုံဆိုင်၊ စားသောက်လှည်းစတဲ့ အသေးစားဆိုင်တွေကိုလည်း ဒေသခံအာဏာပိုင်တွေ ကြီးကြပ်မှုအောက်မှာသာ ပြည်ပနိုင်ငံသားတွေက ရောင်းချခွင့်ရှိတာဖြစ်ပါတယ်။

ဆိုင်ကို လာရောက်ဖမ်းဆီးတဲ့အချိန်မှာ ဈေးဝယ်နေတဲ့ မြန်မာအမျိုးသားနှစ်ဦးကိုလည်း ဖမ်းဆီးအရေးယူခဲ့ပါတယ်။ ကိုစိုးမင်းနိုင် ၂၇ နှစ်ကို သူ့အလုပ်လုပ်ခွင့်ရထားတဲ့ နေရာမှာမဟုတ်ဘဲ ပြင်ပမှာ အလုပ်လုပ်နေမှုနဲ့ ဖမ်းဆီးအရေးယူခဲ့ပါတယ်။ ကိုဖြိုးဝေစိုး ၂၈ နှစ်ကို ထိုင်းပြည်တွင်းကို တရားမဝင် ဝင်ရောက်မှုနဲ့ ဖမ်းဆီးအရေးယူထားပါတယ်။ သူတို့ ၃ ယောက်လုံးကို ဆူရတ်ဌာနီ ရဲတပ်ဖွဲ့မှာ ထိန်းသိမ်းထားပြီး ဆက်လက်အရေးယူသွားမယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံတဝန်းမှာ တရားမဝင်ဝင်ရောက်နေတဲ့ မြန်မာနိုင်ငံသားအပါအဝင် နိုင်ငံခြားသားတွေကို စီမံချက်နဲ့ နေရာအနှံ့မှာ လိုက်လံဖမ်းဆီးနေပြီး စီမံချက်စတဲ့ လပိုင်းအတွင်းမှာ မြန်မာနိုင်ငံသား တစ်သိန်းခွဲဝန်းကျင်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

ပုံ – Bangkok Post

ဆက်စပ် သတင်းများ

Most read