လက်ရှိဆောက်လုပ်ဆဲအဆောက်အအုံတွေကို ငလျရစ်ချ်တာစကေး ၈ အထိခံနိုင်စေဖို့အတွက် ဒီဇိုင်းပြင်ဆင်ရေးဆွဲဖို့ကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ညွှန်ကြားထားတယ်လို့ သိရပါတယ်။
ဧပြီ ၂၆ ရက်က နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှာ ပြုလုပ်တဲ့အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ (၃/၂၀၂၅) အစည်းအဝေးမှာ ညွှန်ကြားခဲ့တာဖြစ်ပါတယ်။
ငလျင်ဒဏ်ကြောင့် ပျက်စီးသွားခဲ့တဲ့ အဆောက်အအုံတွေကို အသစ်ပြန်လည်တည်ဆောက်ရာမှာလည်း မြေစမ်းသပ်မှုကိုသေချာပြုလုပ်ရန် ငလျင်ကြောပေါ်မှာ အဆောက်အအုံတွေမရှိစေဖို့ သေချာဆန်းစစ်ရမယ်လို့လည်း ၎င်းကဆိုပါတယ်။
အဆောက်အအုံတွေကို ဆောက်လုပ်ရာမှာလည်း ရစ်ချ်တာစကေး ၈ အထိ ခံနိုင်ရည်ရှိတဲ့ အဆောက်အအုံတွေကိုသာ တည်ဆောက်ဖို့ ပြောဆိုထားပါတယ်။
ငလျင်ဒဏ်ခံနိုင်တယ်ဆိုပြီး ဆောက်လုပ်ထားတဲ့အဆောက်အအုံတွေဟာ ပြီးခဲ့တဲ့မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် အကုန်ပြိုကျပျက်စီးသွားခဲ့တာဖြစ်ပါတယ်။
နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနဲ့ပြည်နယ် ၁၀ ခုမှာ ဧပြီ ၂၄ ရက် ကနဦးစာရင်းတွေအရ လူနေအိမ် ၆၃၈၅၄ လုံး၊ စာသင်ကျောင်း ၆၇၅၂ ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ သီလရှင်ကျောင်း ၅၄၇၄ ကျောင်း၊ စေတီပုထိုး ၅၃၄၂ ဆူ၊ အခြားဘာသာ ရေးအဆောက်အအုံ ၆၁၃ လုံး၊ ဆေးရုံ၊ ဆေးခန်း ၅၇၆ လုံး ပျက်စီးသွားခဲ့တယ်လို့ စစ်ကောင်စီ ထုတ်ပြန်ချက်အရ သိရပါတယ်။