Homeပြည်တွင်းသတင်းစစ်အာဏာသိမ်း ၅ နှစ်အတွင်း စစ်တပ်ကလူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်တိုက်ကျူးလွန်ခဲ့

စစ်အာဏာသိမ်း ၅ နှစ်အတွင်း စစ်တပ်ကလူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်တိုက်ကျူးလွန်ခဲ့

၁ ဖေဖော်ဝါရီ ၂၀၂၆

စစ်တပ်က ပြည်သူ့အာဏာကို သိမ်းပိုက်ခဲ့တာ ၅ နှစ်ပြည့်လာချိန်အထိ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အကြမ်းဖက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေဆဲဖြစ်တယ်လို့ ပြည်သူအခြေပြု အရပ်ဖက်အဖွဲ့တွေက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ၅ နှစ်တာကာလအတွင်း ပြည်သူတွေဟာ သတ်ဖြတ်မှုတွေ၊ ရွာမီးရှို့ဖျက်ဆီးမှုတွေ၊ အတင်းအကျပ် နေရပ်စွန့်ခွာခိုင်းစေမှုတွေ၊ ဖမ်းဆီးနှိပ်စက်မှုတွေကို နေ့စဉ်နီးပါး ကြုံတွေ့လာခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီလိုလုပ်ရပ်တွေဟာ ရည်ရွယ်ချက်ရှိရှိ စနစ်တကျ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဖြစ်တယ်လို့လည်း ထောက်ပြထားပါတယ်။

ဒါ့အပြင် အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ ရွာလုံးကျွတ် မီးရှို့မှုတွေကို စစ်ကောင်စီက ဆက်လက်လုပ်ဆောင်နေပြီး အမျိုးသမီးတွေ၊ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေပါ မခြွင်းမရှောင် ထိခိုက်သေဆုံးနေရတယ်လို့ ဖော်ပြထားပါတယ်။

စစ်ရေးအင်အားကျဆင်းလာတာကို ဖြည့်ဆည်းဖို့ မတရားတဲ့ စစ်မှုထမ်းဥပဒေနဲ့ လူငယ်တွေကို အတင်းအကျပ် ဖမ်းဆီးစုဆောင်းနေသလို ပညာသင်ကြားခွင့်၊ အလုပ်လုပ်ကိုင်ခွင့်တွေကိုပါ ကန့်သတ်ပိတ်ပင်နေတယ်လို့လည်း ဆိုပါတယ်။ ဒီလိုအခြေအနေတွေကြောင့် လူငယ်မျိုးဆက်တွေရဲ့ အနာဂတ်ဟာ အန္တရာယ်ကြီးမားလာနေတယ်လို့ သတိပေးထားပါတယ်။

စီးပွားရေးဘက်မှာလည်း ငွေကြေးတန်ဖိုးကျဆင်းမှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုတွေကြောင့် ပြည်သူတွေဟာ နေ့စဉ်ဘဝမှာ အခက်အခဲကြီးမားလာနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အရပ်ဖက်အဖွဲ့တွေကတော့ စစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေကို “အတုအယောင် ရွေးကောက်ပွဲ” လို့ သတ်မှတ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအောက်က ရွေးကောက်ပွဲတွေဟာ စစ်အာဏာရှင်စနစ်ကို ဆက်လက်ရှင်သန်စေရုံသာဖြစ်ပြီး ပြည်သူ့ဆန္ဒကို ကိုယ်စားမပြုနိုင်ဘူးလို့ ပြတ်ပြတ်သားသား ကန့်ကွက်ထားပါတယ်။

ဒါ့အပြင် စစ်ရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူတွေ အပြစ်ပေးခြင်းကင်းလွတ်နေတာကို အဆုံးသတ်ဖို့ လိုအပ်ကြောင်း၊ နိုင်ငံတကာရာဇဝတ်မှုတရားရုံး (ICC)၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) တို့ကနေ တရားမျှတမှုဖော်ဆောင်ရေး ကြိုးပမ်းမှုတွေကို အပြည့်အဝ ထောက်ခံတယ်လို့ ဆိုပါတယ်။

အရပ်ဖက်အဖွဲ့တွေကတော့ ပြည်သူ့အာဏာကို ပြည်သူ့လက်ထဲ ပြန်လည်ရောက်ရှိစေဖို့နဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖယ်ရှားဖို့ ပြည်သူတွေနဲ့အတူ ဆက်လက်ရပ်တည်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ပုံစာ ၂၀၂၂ ​မေလ ၁၀ ရက်က​ရေဦးမြို့နယ်​မောင်တိုင်ပင် ​ကျေးရွာတွင် စစ်​ကောင်စီတပ်က ​ဒေသခံပြည်သူများကို အစုလိုက်အပြုံလိုက်မသတ်ဖြတ်ခင်ဖမ်းဆီးထားမှု

ဓါတ်ပုံ-RFA

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး