Homeပြည်တွင်းသတင်းစစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူ နှစ်ဦးကို စစ်ကောင်စီဖမ်းဆီး

စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူ နှစ်ဦးကို စစ်ကောင်စီဖမ်းဆီး

၁၀ အောက်တိုဘာ၊ ၂၀၂၁

စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (Anti-Junta Alliance Yangon – AJAY)ရဲ့ ဦးဆောင်သူ တစ်ဦးဖြစ်တဲ့ ကိုပိုင်ဖြိုးမင်း(ခ) ဒီရေကို စစ်ကောင်စီက အောက်တိုဘာ ၉ ရက် ည ၁၁ နာရီခွဲမှာ ဧည့်စာရင်းအကြောင်းပြ ဝင်ရောက်ရှာဖွေ ဖမ်းဆီးသွားတယ်လို့ AJAY က အောက်တိုဘာ ၁၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်မှာ ကိုဇော်လင်းထွဋ် (ခ)ဖိုးသား၊ ကိုအောင်မင်းခိုင်(ခ)မဲကြီး၊ မမြမဉ္ဇူ နဲ့ မနှင်းအိခိုင်တို့ ဖမ်းဆီးခေါ်ဆောင်ပြီး AJAY ဦးဆောင်သူတွေ ဖြစ်တဲ့ ကိုနန်းလင်းနဲ့ ကိုပိုင်ဖြိုးမင်းတို့ကိုလည်း စစ်တပ်က လိုက်ဖမ်းနေတာ ဖြစ်ပါတယ်။ လူထုဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ပြုလုပ်ပြီးနောက်မှာ ကိုဖိုးသားနေထိုင်တဲ့ တောင်ဥက္ကလာ အင်းဝလမ်းအိမ်ကို ညတွင်းချင်းဝင်ရောက်ဖမ်းဆီးပြီး ကိုနန်းလင်းနေထိုင်ရာ တောင်ဥက္ကလာပမြို့နယ် ရာဇသင်္ကြန်လမ်းက နေအိမ်ကို နောက်တစ်နေ့မှာ ဝင်ရောက်စီးနင်းရှာဖွေတယ်လို့ AJAY က အောက်တိုဘာလ ၃ ရက်က ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

အောက်တိုဘာလ ၉ ရက်မှာတော့ ကိုပိုင်ဖြိုးမင်းလက်ရှိနေထိုင်တဲ့ အိမ်ကို ဧည့်စာရင်းအကြောင်းပြပြီး ည ၁၁ နာရီခွဲမှာ ဝင်ရောက်စီးနင်းရှာဖွေပြီး ဖမ်းဆီးသွားတယ်လို့ AJAY က အတည်ပြုလိုက်ပါတယ်။ ကိုပိုင်ဖြိုးမင်းဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုသပိတ်တွေမှာ စဉ်ဆက်မပြတ်ဦးဆောင်ပါဝင်ထားတဲ့အတွက် စစ်ကောင်စီရဲ့ ညှင်းပန်းနှိပ်စက်မှုတွေကြောင့် အသက်အန္တရာယ်ထိခိုက်မှာ စိုးရိမ်ရတယ်လို့ သပိတ်အင်အားစုတွေက ဆိုပါတယ်။

အောက်တိုဘာ ၉ ရက် ညပိုင်းမှာပဲ ရန်ကုန်က တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ ကိုရှိန်းဝေအောင်နဲ့ မိသားစုဝင်တွေ ဖမ်းဆီးခံရတယ်လို့ ယူဆရကြောင်းနဲ့အခုထိ အဆက်အသွယ်မရကြောင်း သူနဲ့နီးစပ်သူတွေက ဆိုပါတယ်။

မနေ့ညက သူငယ်ချင်းတစ်ဦးနဲ့ ဖုန်းပြောနေတဲ့ကိုရှိန်းဝေအောင်ဟာ နေထိုင်တဲ့နေရာကို ဧည့်စာရင်းလာစစ်တဲ့အတွက် နောက်မှ ပြန်ဆက်သွယ်မယ်လို့ ပြောပြီး ဖုန်းချသွားပါတယ်၊ ဒီနောက်ပိုင်းမှာ ကိုရှိန်းဝေအောင်နဲ့ အဖေ၊ အမေ၊ အစ်မဖြစ်သူတို့ကို မိတ်ဆွေတွေအနေနဲ့ ဆက်သွယ်လို့မရတဲ့အတွက် မိသားစုကိုပါ အတူဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ယူဆရကြောင်း နဲ့ သတင်းအချက်အလက်တွေ ထပ်ပြီး စုံစမ်းနေတယ်လို့ မိတ်ဆွေတွေက ဖော်ပြပါတယ်။

ရန်ကုန်မြို့နယ်အတော်များများမှာ အခုရက်ပိုင်း ဧည့်စာရင်းအကြောင်းပြပြီး တက်ကြွလှုပ်ရှားသူများ၊ စစ်အာဏာရှင်ဆန့်ကျင်ရေးသမားများနဲ့ နိုင်ကျဉ်းဟောင်းတွေကို အကြောင်းအမျိုးမျိုးပြပြီး ရှာဖွေ ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပုံစာ- ကိုပိုင်ဖြိုးလင်း၊ ကိုရှိန်းဝေအောင်

Photo – လူမှုကွန်ယက်

ဆက်စပ် သတင်းများ

Most read