Homeပြည်တွင်းသတင်းစစ်ရာဇဝတ်မှုတွေအတွက် စစ်ကောင်စီကို တရားစွဲဆိုဖို့ ဆောင်ရွက်နေတယ်လို့ IIMM ထုတ်ပြန်

စစ်ရာဇဝတ်မှုတွေအတွက် စစ်ကောင်စီကို တရားစွဲဆိုဖို့ ဆောင်ရွက်နေတယ်လို့ IIMM ထုတ်ပြန်

၁၆ ဩဂုတ်၊ ၂၀၂၄

စစ်ကောင်စီဟာ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ရာဇဝတ်မှုတွေကို နိုင်ငံတစ်ဝန်းမှာ ပြင်းပြင်းထန်ထန် ကျူးလွန် နေတဲ့ အထောက်အထားတွေ အများအပြားတွေ့ရှိထားတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အဖွဲ့က သြဂုတ် ၁၃ ရက်က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဟာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ IIMM အကြီးအကဲ နီကိုလက်စ် ခွန်ဂျန် က ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုထားပါတယ်။

အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ၊ စာသင်ကျောင်းတွေ ဘုရားကျောင်းတွေနဲ့ ဆေးရုံတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ပိုပိုများလာတာတွေ့ရကြောင်းနဲ့ခေါင်းဖြတ်တာ၊ ရုပ်ပျက်ဆင်းပျက် ဖြစ်နေတဲ့ ရုပ်အလောင်းတွေနဲ့ လိင်အင်္ဂါဖြတ်ထားတဲ့ ရုပ်အလောင်းတွေကို လူမြင်ကွင်းမှာ ပြသတာအပါအဝင် လက်နက်ကိုင် ပဋိပက္ခတွေအတွင်း ဖမ်းဆီးခံရသူတွေကို ကိုယ်လက်အင်္ဂါဖြတ်တောက်တာတွေ ပါဝင်တယ်လို့ IIMM က ဖော်ပြပါတယ်။

စစ်ကောင်စီဟာ ရာဇဝတ်မှုတွေကို တရားလက်လွတ်ကျူးလွန်နေပေမဲ့ ဒီအတွက် ဘယ်သူမှ ပြစ်ဒဏ်မခံရ သေးတာဟာ ပိုကျူးလွန်ဖို့ အခွင့်ပေးသလိုဖြစ်နေတယ်လို့လည်း နီကိုလက်စ်ခွန်ဂျန် က ပြောဆိုထားပါတယ်။

စစ်ကောင်စီဟာ သူ့ကိုဆန့်ကျင်တယ်လို့ သံသယရှိတဲ့ ထောင်နဲ့ချီတဲ့လူတွေကို မတရား ဖမ်းဆီးချုပ်နှောင် အကျဉ်းချတာ၊ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်တာ၊ လျှပ်စစ်နဲ့ရှော့တိုက်တာ၊ လည်ပင်းညှစ်တာ၊ အိပ်မရအောင် လုပ်တာ စတဲ့ရုပ်ပိုင်း၊ စိတ်ပိုင်း ညှဉ်းပန်းနှိပ်စက်မှုတွေ စနစ်တကျ ကျူးလွန်ခဲ့တဲ့ အထောက်အထား အများ အပြား IIMM က ရရှိထားတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် အုပ်စုဖွဲ့ မုဒိမ်းကျင့်တာ၊ လိင်အင်္ဂါ အစိတ် အပိုင်းတွေကို မီးရှို့တာနဲ့ လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုကျူး လွန်တဲ့ အထောက်အထားတွေလည်း တွေ့ရတယ်လို့ IIMM ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

စစ်ကောင်စီကြောင့် သေဆုံးသူတွေထဲမှာ ကလေးငယ်တွေပါဝင်သလို ကျား၊ မ အသက်အရွယ် အမျိုးမျိုးပါ ဝင်တယ်လို့လည်း IIMM အဖွဲ့က ဆိုပါတယ်။

IIMM ရဲ့ အစီရင်ခံစာကို မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက် လေးရာကျော်၊ သတင်းရင်းမြစ် ကိုးရာကျော် ဆီကနေ စုဆောင်းရရှိထားတဲ့ အချက်အလက်နဲ့ အထောက်အထားတွေကို အခြေခံရေးသားထားတာဖြစ် တယ် လို့ ဆိုပါတယ်။

ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ အသံဖိုင်တွေ၊ စာရွက်စာတမ်းတွေ၊ မြေပုံနဲ့ ဂြိုလ်တုပုံရိပ်တွေ၊ ဆိုရှယ်မီဒီယာပို့စ်တွေနဲ့ မှုခင်းဆေးပညာဆိုင်ရာ အထောက်အထားတွေ ပါဝင်တယ်လို့လည်း ဖော်ပြထားပါတယ်။

ဒီရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး တာဝန်အရှိဆုံးသူကို နိုင်ငံတကာဥပဒေတွေနဲ့ တရားစွဲဖို့ ပြင်ဆင်နေတယ်လို့ လည်း IIMM အဖွဲ့ အကြီးအကဲက ဆိုပါတယ်။

မြန်မာစစ်တပ်ရဲ့ ၂၀၁၆ နဲ့ ၂၀၁၇ တုန်းက ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ အစောပိုင်းရာဇဝတ်မှုတွေကိုလည်း ဆက်စုံစမ်းစစ်ဆေးနေတယ်လို့ IIMM အဖွဲ့က ဆိုပါတယ်။

ဒါ့အပြင် စစ်တပ်ကိုတိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ရာဇဝတ်မှုတွေနဲ့ သက်ဆိုင်တဲ့ အထောက် အထားတွေလည်း ခိုင်လုံစွာ ရရှိထားပြီ အဲထဲမှာ စစ်တပ်သတင်းပေးတွေ (ဒါမှမဟုတ်) စစ်တပ်နဲ့ပူးပေါင်းတယ်လို့ သံသယရှိတဲ့သူတွေကို တရားမဝင်ကွပ်မျက်တာတွေပါဝင်တယ်လို့ IIMM ရဲ့ အစီရင်ခံ စာမှာ ရေးသားထား ပါတယ်။

စစ်ရာဇဝတ်မှုတွေအတွက် တာဝန်အရှိဆုံးလူကို တရားစွဲဆိုဖို့ ဆောင်ရွက်နေတယ်လို့ လည်း IIMM ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

ပုံစာ (လောက်ကိုင်မြို့ကို စစ်ကောင်စီလေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ထားပုံ)

Photo- PSLF/TNLA

ဆက်စပ် သတင်းများ

Most read