၉ မတ် ၊ ၂၀၂၅
တပ်သားလိုအပ်ချက်ရှိနေတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ စစ်မှုထမ်းဟောင်းတွေကို တာဝန်ပြန်ထမ်းဆောင်ရန်ဆင့်ခေါ်နေပြီး မထမ်းဆောင်ပါက ပင်စင်စာအုပ်ပြန်သိမ်းမယ်လို့ ဆိုပါတယ်။
စစ်ကောင်စီအနေနဲ့ စစ်မှုထမ်းဟောင်းတွေကိုအတင်းအကျပ်စစ်မှုပြန်ထမ်းရန် ဆင့်ခေါ်နေပြီး တိုက်ပွဲဖြစ်ပွားရာဒေသတွေကို ချက်ခြင်းပို့ဆောင်တာဖြစ်ပါတယ်။
“တပ်ကနေပင်စင်ယူထားတာကြာပြီ။ ၂၀၁၇ ထဲက။ အဲဒါကိုစစ်မှုပြန်ထမ်းဖို့ဆိုပြီး စာကျလာတယ်။ အခုတော့ ဆေးစာပြန်တင်ထားတယ်။ မရရင်တော့ ပင်စင်စာအုပ်ပြန်သိမ်းမယ်တယ့်။ ခံစားခွင့်ဘာမှမပေးဘူးပြောတယ်”လို့ စစ်မှုထမ်းဟောင်းတဦးက New Day Myanmar ကိုပြောပါတယ်။
နိုင်ငံအနှံ့အပြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့်အင်အားချည့်နဲ့လာတဲ့ စစ်တပ်ဟာ အငြိမ်းစား စစ်မှုထမ်းဟောင်းတွေကို တပ်ထဲ ပြန်လာဖို့ ဆင့်ခေါ်နေတာဖြစ်ပါတယ်။
ပင်စင်ယူပြီးနောက် နေရာအတည်တကျမရှိ ပြောင်းရွှေ့နေထိုင်ရသူများကို ဆက်သွယ်အကြောင်းကြားရာတွင် ခက်ခဲနေသလို၊ တပ်ထဲ ပြန်မရောက်လိုတဲ့ အငြိမ်းစားများကလည်း အကြောင်းပြချက်မျိုးစုံနဲ့ တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
“တချို့စစ်မှုထမ်းဟောင်းတွေကို ပြန်ခေါ်လို့ ပါတဲ့သူတွေပါ၊ ကျတဲ့သူတွေကကျကုန်ပြီ” လို့စစ်ကောင်စီတပ်သားတဦးက New Day Myanmar ကိုပြောပါတယ်။