Homeပြည်တွင်းသတင်းစစ်ပွဲအတွင်းမှာ ရိုဟင်ဂျာတွေကို ကာကွယ်ပေးဖို့ နယ်စည်းမထားဆရာဝန်များအဖွဲ့ တောင်းဆို

စစ်ပွဲအတွင်းမှာ ရိုဟင်ဂျာတွေကို ကာကွယ်ပေးဖို့ နယ်စည်းမထားဆရာဝန်များအဖွဲ့ တောင်းဆို

၁၀ ဩဂုတ်၊ ၂၀၂၄

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင်း ဘင်္ဂလားဒေ့ရ်ှဘက်ကို ထိခိုက်ဒဏ်ရာရတဲ့ ရိုဟင်ဂျာ အများအပြားထွက်ပြေးလာရပြီး၊ ရိုဟင်ဂျာတွေကို ကာကွယ်ပေးဖို့ နယ်စည်းမထားဆရာဝန်များအဖွဲ့ MSF က တောင်းဆိုလိုက်ပါတယ်။

ဩဂုတ်လ ၉ ရက်မှာ ထုတ်ပြန်တဲ့ MSF ရဲ့ ထုတ်ပြန်ချက်ထဲမှာပြီးခဲ့တဲ့ ရက်လောက်ကစပြီး ထိခိုက် ဒဏ်ရာရထားတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ထွက်ပြေးလာတာ ပိုပြီးများလာတယ်လို့ ပါရှိပါတယ်။ ဩဂုတ်လ ၆ ရက်မှာ ဆိုရင် ပြင်းထန်တဲ့ ဒဏ်ရာတွေရထားတဲ့ ရိုဟင်ဂျာ ၂၁ ယောက်ကိုဆေးကုပေးခဲ့ရတယ်လို့ ဆိုပါတယ်။

MSF အနေနဲ့ ဩဂုတ်လ ၇ ရက်အထိ ထိခိုက်ဒဏ်ရာ ရထားတဲ့ ရိုဟင်ဂျာ ၃၉ ယောက်ကို ဆေးကုပေးခဲ့ရပြီး အဲ့ဒီထဲက ၄၀ ရာခိုင်နှုန်းဟာ အမျိုးသမီးနဲ့ ကလေးသူငယ်တွေဖြစ်ကြတယ်လို့ ဆိုပါတယ်။

“ဒီရက်ပိုင်းမှာပဲ ထိခိုက်ဒဏ်ရာတွေရပြီး ဘင်္ဂလားဒေ့ရ်ှကိုရောက်လာတဲ့ ရိုဟင်ဂျာတွေများလာတယ်။ မြန်မာနိုင်ငံဘက်မှာဖြစ်နေတဲ့ ပဋိပက္ခတွေပိုပြီး များလာတာ စိုးရိမ်စရာဖြစ်နေပါတယ်။” လို့ နယ်စည်းမထားဆရာဝန်များအဖွဲ့ရဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံဆိုင်ရာတာဝန်ခံ Orla Murphy ကပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA တို့အကြားတိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေတာကြောင့် ရိုဟင်ဂျာ တထောင်ထက်မနည်းဟာ နတ်မြစ်ကို ဖြတ်ကူးပြီး ဘင်္ဂလားဒေ့်ရှ်ကို ထွက်ပြေးဖို့ ကြိုးစားခဲ့ကြတာပါ။

ပြီးခဲ့တဲ့ ဩဂုတ်လ ၅ ရက်ကမောင်တောဒေသမှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် နတ်မြစ်ကို ဖြတ်ကူးပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးဖို့ ကြိုးစားနေတဲ့ ရိုဟင်ဂျာဒုက္ခသည် တွေရဲ့ လူအုပ်ထဲကို လက်နက်ကြီးနဲ့ပစ်ခတ်ခံခဲ့ရတာကြောင့် လူ ၂၀၀ ဝန်းကျင်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီပစ်ခတ်မှုကြောင့် ကလေးတွေနဲ့ အမျိုးသမီးတွေ အပါအဝင် လူအများအပြားသေဆုံးသွားခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုး က New Day Myanmar ကိုပြောပါတယ်။

Photo – MSF

ဆက်စပ် သတင်းများ

Most read