Homeပြည်တွင်းသတင်းစစ်တွေမြို့ခံ ၇၀ ကျော်ကို စားသောက်ကုန်သယ်ယူမှုနဲ့ စစ်ကောင်စီ ဖမ်းဆီးပြီး ၃ ရက်ကြာတဲ့ထိ ပြန်လွှတ်ပေးခြင်းမရှိ

စစ်တွေမြို့ခံ ၇၀ ကျော်ကို စားသောက်ကုန်သယ်ယူမှုနဲ့ စစ်ကောင်စီ ဖမ်းဆီးပြီး ၃ ရက်ကြာတဲ့ထိ ပြန်လွှတ်ပေးခြင်းမရှိ

၁၆ စက်တင်ဘာ၊၂၀၂၄

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရွှေပြားရပ်ကွက်က ဒေသခံ တချို့အပါအဝင် ရွှေပြားကမ်းနားဆိပ် အနီးတဝိုက်က ဒေသခံ ၇၀ ဦးကျော်ကို စားသောက်ကုန်အပါအဝင် ကုန်စည်တွေ သယ်ယူပို့ဆောင်တဲ့ကိစ္စနဲ့ပတ်သတ်ပြီး စစ်ကောင်စီက စက်တင်ဘာ ၁၃ ရက်က ဖမ်းဆီးလိုက်ပြီး ဒီနေ့ထိ ပြန်လွှတ်ပေးခြင်းမရှိသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

ဒီဒေသခံတွေထဲက တချို့ဟာ ပေါက်တော၊ မြောက်ဦးတို့ကို ကုန်စည်တွေ ပို့ဆောင်ရောင်းဝယ်နေသူတွေ ဖြစ်ပြီး တချို့ဟာ မြစ်ကမ်းနားက ကုန်တင်ကုန်ချ လုပ်ကိုင်နေသူတွေနဲ့ ကမ်းနားရပ်ကွက်မှာနေထိုင်သူ တွေဖြစ်ပါတယ်။

ဖမ်းခံရသူတွေထဲမှာ အမျိုးသမီးတွေလည်း ပါဝင်နေတယ်လို့ စစ်တွေ ဒေသခံတွေ ပြောဆိုချက်အရ သိရပါတယ်။

“စက်တင်ဘာလ ၁၃ ရက် ညနေ ၃ နာရီဝန်းကျင်လောက်မှာ ရပ်ကွက်တွေထဲ စစ်ကား ၇ စီးလောက်နဲ့ လာဖမ်းသွားတယ်။ မိန်းမတွေကော သက်ကြီးပိုင်းတွေကော ပါတယ်။ ဘာကြောင့် ဖမ်းလဲ မသိသလို ဘယ်ကို ခေါ်သွားတယ် မသိပါဘူး။ အမှတ် ၁ ရဲစခန်းဆိုလို့ လိုက်ဆက်သွယ်ပေမဲ့ မိသားစုတွေနဲ့လည်း ဆက်သွယ်ခွင့် မပေးပါဘူး။ စားသောက်ကုန်တွေ ကုန်ထုပ်တွေ ပို့လို့ ချလို့လို့ ပြောနေကြပေမဲ့ မသိသေးပါဘူး” လို့ စစ်တွေ မြို့ခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

၂၀၂၄ ခုနှစ်အစပိုင်းမှာလည်း လှေမောင်းသူ၊ ငါးပိငါးခြောက်ရောင်းချသူတွေအပါအဝင် ရွှေပြားရပ်ကွက်က စစ်တွေဒေသခံ ၆၀ဝန်းကျင်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ဖူးပါတယ်။

စစ်တွေဘက်မှာ အင်တာနက်လိုင်းများ သုံးလို့ရနေပြီး ဖုန်းလိုင်းများလည်း ဆက်သွယ်လို့ ရပြီး မြို့အဝင်အထွက် ကို စစ်ကောင်စီက တင်းကြပ်ထားတယ်လို့ မြို့ခံတွေက ဆိုပါတယ်။ အဖမ်းခံရသူတွေကို စစ်တွေမြို့၊ အမှတ် ၁ ရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ ရခိုင်အခြေစိုက်သတင်းဌာနတချို့က ဖော်ပြပြီး မိသားစုတွေနဲ့အဆက် အသွယ် မရသေးဘူးလို့ သိရပါတယ်။

ဒေသခံတွေကို ဖမ်းဆီးပြီးနောက်ပိုင်းမှာ စစ်တွေမြို့ ကမ်းနားလမ်းတစ်လျှောက်ကို လုံခြုံရေးတင်းကြပ်ထားပြီး ကုန်စည်သယ်ယူခွင့်ကို စစ်ကောင်စီဘက်က ပိတ်ပင်တားမြစ်ထားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ မေလ ၂၉ ရက်မှာ စစ်တွေမြို့အနီး ဗျိုင်းဖြူရွာကို ဝင်စီးပြီး အမျိုးသမီး ၃ ဦးအပါအဝင် ရွာသား ၇၆ ဦးထက်မနည်းကို သတ်ဖြတ်ခဲ့တယ်လို့ ULA/AA က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဓားစာခံအဖြစ် ခေါ်ယူထားတဲ့ ဗျိုင်းဖြူရွာ ဒေသခံ ၂၃၀ ဦးထက်မနည်းကို အာရက္ခတပ်တော် AA နဲ့ ဆက်သွယ်မှုရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဩဂုတ်လ ၃၀ရက်နဲ့ စက်တင်ဘာ ၆ ရက်တို့မှာ စစ်တွေ ထောင် တွင်းတရားရုံးက ထောင်ဒဏ် ၃ နှစ်ထက်မနည်း အမိန့်ချ ဖမ်းဆီးထားပါတယ်။

ပုံစာ – (စစ်တွေမြို့ မြင်ကွင်း )
Photo – mohigan via wikimedia

ဆက်စပ် သတင်းများ

Most read