Homeပြည်တွင်းသတင်းစစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံတပ်တွေကြောင့် မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်ပေါင်း တစ်သိန်းနီးပါးရှိနေ

စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံတပ်တွေကြောင့် မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်ပေါင်း တစ်သိန်းနီးပါးရှိနေ

၂၄ ဇူလိုင်၊ ၂၀၂၄

စစ်တပ်အာဏာသိမ်းယူထားတဲ့ သုံးနှစ်ကျော်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံတပ် တွေကြောင့် မီးရှို့ဖျက်ဆီးခံရတဲ့နေအိမ်ပေါင်း ၉၅၄၅၀ ရှိနေပြီလို့ မှတ်တမ်းပြုစုထားတဲ့ Data For Myanmar အဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။

၂၀၂၄ ခုနှစ် ပထမနှစ်ဝက်မှာပဲ မီးရှို့ဖျက်ဆီးခဲ့တဲ့ ရွာ ၊ မြို့ နေရာက ၂၇၀ အထိ ရှိပြီး နေအိမ်ပေါင်း ၁၅၀၀၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လတစ်လထဲမှာ မနလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ တနသာရီတိုင်း၊ ချင်းပြည်နယ်နဲ့ မကွေးတိုင်းတို့မှာ အရပ်သားနေအိမ် ၁၁၀၉ အိမ် မီးရှို့ဖျက်ဆီးခံထားရပါတယ်။

စစ်ကိုင်းတိုင်းမှာတော့ ပထမနှစ်ဝက်အတွင်းမှာ ကလေးမြို့နယ်တစ်ခုထဲမှာ စစ်ကောင်စီဖျက်ဆီးတဲ့ နေအိမ်ပေါင်း ၃၁၀၀ ရှိနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ဇွန်လမှာ အရပ်သားနေအိမ် ၁၀၀၀ ကျော် မီးရှို့ခံရတဲ့အထဲ မနလေးတိုင်းက ၈၂၃ လုံးအထိ ပါသွား ပါတယ်။ နွားထိုးကြီးမြို့နယ်က ရွာပေါင်း ၁၄ ရွာမှာ နေအိမ် ၆၆၆ လုံးထိ မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

မြင်းခြံမြို့နယ် ပြားရွာမှာလည်းမှာ ဇွန်လ ၁၆ ရက်က စစ်ကောင်စီက မီးရှို့ဖျက်ဆီးနေတာကို Sentinal Hub ကတဆင့် ဂြိုဟ်တုဓာတ်ပုံများ သက်သေမှတ်တမ်းရရှိထားပြီး နေအိမ် ၁၀၂ လုံး ပျက်စီးခဲ့ရတယ်လို့ သိရ ပါတယ်။

ပြားရွာကို ၂၀၂၁ ၊ ၂၀၂၂ ခုနှစ်တွေမှာ စစ်တပ်က မီးနှစ်ကြိမ်ရှို့ခဲ့ဖူးပြီး နေအိမ် ၈၀ကျော် ပျက်စီးခဲ့ရဖူး ပါတယ်။

ဒီစာရင်းဟာ မှတ်တမ်းတင်လို့ရတဲ့အရေအတွက်ပဲဖြစ်ပြီး ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ်နဲ့ စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်တို့မှာ အရေအတွက် အတိအကျ သိရဖို့ ခက်ခဲကြောင်း Data For Myanmar က ဆိုပါတယ်။

စစ်ကိုင်းတိုင်းဟာ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်နဲ့ လက်အောက်ခံအဖွဲ့တွေရဲ့ နေအိမ်မီးရှို့ခံရတဲ့ တစ်နိုင်ငံလုံးအတိုင်းအတာရဲ့ ၇၀ % အထိ ရှိနေတယ်လို့လည်း သိရပါတယ်။

ဆက်စပ် သတင်းများ

Most read