၂ ဖေဖော်ဝါရီ ၂၀၂၆
မြန်မာနိုင်ငံအတွင်းရှိ ဘာသာဝင်အားလုံး၊ လူမျိုးအားလုံးနဲ့အတူ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးကို လက်ခံယုံကြည်ထားတဲ့ မြန်မာဟိန္ဒူယူနီယံ (MHU) က စစ်တပ်ရဲ့ လုပ်ရပ်တွေအပေါ် သူတို့ရဲ့ သဘောထားကို ဖေဖော်ဝါရီ ၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး International Court of Justice (ICJ) မှာ စစ်ဆေးဆောင်ရွက်နေတဲ့ အမှုအခင်းတွေကို အပြည့်အဝ ထောက်ခံပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့သူတွေကို ထိထိရောက်ရောက် အရေးယူနိုင်ရေးအတွက် လုပ်ဆောင်ချက်မှန်သမျှကို အားပေးထောက်ခံတယ်လို့ ဆိုပါတယ်။
တရားမျှတမှုကို မှန်မှန်ကန်ကန် ဖော်ဆောင်နိုင်မှသာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရရှိနိုင်မယ်လို့ ယုံကြည်ထားကြောင်းကိုလည်း မြန်မာဟိန္ဒူယူနီယံက ဆိုပါတယ်။
ဒါ့အပြင် ဘယ်လက်နက်ကိုင်အဖွဲ့အစည်းကမဆို အရပ်သားပြည်သူတွေကို သတ်ဖြတ်တာ၊ ညှဉ်းပန်းနှိပ်စက်တာနဲ့ အကြမ်းဖက်မှုတွေ ကျူးလွန်နေမှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
ဟိန္ဒူဘာသာရေး အဆုံးအမတွေအရလည်း ဘယ်သက်ရှိသတ္တဝါကိုမဆို အသက်အန္တရာယ်ပြုတဲ့ လုပ်ရပ်တွေဟာ ဓမ္မနဲ့ ဆန့်ကျင်တဲ့ အပြုအမူတွေဖြစ်တယ်လို့ မြန်မာဟိန္ဒူယူနီယံက ထောက်ပြထားပါတယ်။
အဲဒါကြောင့် ICJ တရားရုံးက ချမှတ်မယ့် ဆုံးဖြတ်ချက်တွေအတိုင်း ပြစ်မှုကျူးလွန်သူတွေကို ပြစ်ဒဏ်ပေးနိုင်ရေးနဲ့ ကျူးလွန်ခံရသူတွေ တရားမျှတမှုရရှိရေးအတွက် ICJ နဲ့အတူ ဆက်လက်ရပ်တည်သွားမယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ စစ်တပ်ကို အားပေးကူညီတာ၊ ဒါမှမဟုတ် ပူးပေါင်းပါဝင်တာတွေဟာ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုကို ဖျက်ဆီးရာ ရောက်ကြောင်း ထောက်ပြပြီး အဲဒီလို လုပ်ရပ်မှန်သမျှကို ရှုတ်ချကြောင်း ကြေညာထားပါတယ်။
တရားမျှတမှုကသာ နောက်ဆုံးမှာ အောင်နိုင်ရမယ်လို့ ယုံကြည်ကြောင်းကိုလည်း မြန်မာဟိန္ဒူယူနီယံက ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။


