Homeပြည်တွင်းသတင်းစစ်ခေါင်းဆောင်မိန့်ခွန်းမှာ လူမျိုးရေးပဋိပက္ခဖြစ်မယ့် အသုံးအနှုန်းတွေ ထည့်သွင်းပြောကြား

စစ်ခေါင်းဆောင်မိန့်ခွန်းမှာ လူမျိုးရေးပဋိပက္ခဖြစ်မယ့် အသုံးအနှုန်းတွေ ထည့်သွင်းပြောကြား

၆ ဩဂုတ်၊ ၂၀၂၄

ဩဂုတ်လ ၅ ရက်က MRTV က တဆင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်းပြောကြား ရာမှာ လက်ရှိ စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်နေတဲ့ ရှမ်းမြောက်ဒေသမှာ လူမျိုးရေး ပဋိပက္ခဖြစ်စေမယ့် အသုံးအနှုန်း တွေကို ထည့်သွင်းပြောကြားပါတယ်။

မြန်မာအမျိုသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ဟာ သူတို့လူမျိုးအနည်းငယ်သာရှိတဲ့ နယ်မြေတွေကို နယ်ချဲ့ရန် တိုက်ခိုက်တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

“သူတို့ အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့နေရာတွေကို ကြည့်ရင် သူတို့လူမျိုးနေထိုင်တာ ရာခိုင်နှုန်း အနည်းငယ် သာရှိတာ တွေ့နိုင်ပါတယ်။ ဥပမာ လားရှိုးမြို့အတွင်းမှာ ကိုးကန့်လူမျိုး ၂၀ ရာ ခိုင်နှုန်းဝန်းကျင်ရှိပေမယ့် အများစုဟာ လားရှိုးမြို့ပေါ်မှာမဟုတ်ဘဲ ကျေးရွာများမှာသာ နေထိုင်ကြပါတယ်။ မြို့ပေါ်မှာ ရှမ်း၊ ဗမာနဲ့ ကချင်တို့သာ အများဆုံး နေထိုင်ကြပါတယ်” လို့ သူက ပြောဆိုပါတယ်။

ကျောက်မဲမြို့မှာ ပလောင်လူမျိုးများနေထိုင်မှုမှာ ၁၅ ရာ ခိုင်နှုန်းဝန်းကျင်ပဲ ရှိကြောင်းနဲ့ နောင်ချိုမှာ ပလောင် လူမျိုးနေထိုင်မှု ၁ ရာခိုင်နှုန်းပင် မပြည့်ဘဲ ရှမ်း၊ ဗမာ၊ ဓနုလူမျိုးတွေသာ နေထိုင်တယ်လို့ သူက ဆိုပါတယ်။

MNDAA အဖွဲ့ဟာ လက်ရှိလောက်ကိုင်မြို့ပေါ်မှာ ရှိတဲ့ ဗမာတွေကို ဖမ်းဆီးပြီး မြို့က နှင်ထုတ်နေတယ်လို့လည်း ထည့်သွင်းပြောဆိုပါတယ်။ MNDAA၊ TNLA အပါအဝင် စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ကရင် အမျိုးသားအစည်းအရုံး (KNU)၊ ကချင် လွတ်မြောက်ရေးတပ်မတော် (KIA)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီအမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNDF)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ အာရက္ခတပ်တော် (AA) စတဲ့လက်နက်ကိုင်အဖွဲ့တွေက တိုက်ခိုက်ခဲ့တဲ့အတွက် မြို့ရွာတွေ ပျက်စီး ရတယ်လို့ စစ်ခေါင်းဆောင်က အပြစ်တင်ခဲ့ပါတယ်။

“လက်ရှိမှာ KNU အနေနဲ့ တပ်မဟာ ၁၊ ၃၊ ၅ ပူးပေါင်းပြီး စစ်တောင်းမြစ်တဝိုက်မှာ တိုက်ပွဲများ ဖော်ဆောင် နိုင်ဖို့ အတွက် KNU ဥက္ကဋ္ဌနဲ့ စစ်ဦးစီးချုပ်က ပူးပေါင်း ကြံစည်လျက်ရှိတယ်ဆိုတဲ့ သတင်းတွေ ရရှိထားပါတယ်” လို့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုသွားပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တိုက်ခိုက်နိုင်ဖို့ ပြည်ပနိုင်ငံ တွေက ငွေကြေး၊ အစားအသောက်၊ ဆေးဝါး၊ လက်နက်ခဲယမ်းနဲ့ နည်းပညာတွေ အကူအညီပေးနေကြတယ်လို့ သူက စွပ်စွဲပြောဆိုလိုက်ပါတယ်။

ဆက်စပ် သတင်းများ

Most read