Homeပြည်တွင်းသတင်းစစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း စာသင်ကျောင်း တစ်ရာ့သုံးဆယ်ကျော်ကို တိုက်ခိုက်ခဲ့တယ်လို့ Myanmar Witness ထုတ်ပြန်

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း စာသင်ကျောင်း တစ်ရာ့သုံးဆယ်ကျော်ကို တိုက်ခိုက်ခဲ့တယ်လို့ Myanmar Witness ထုတ်ပြန်

၂၁ ဇူလိုင်၊ ၂၀၂၄

စစ်ကောင်စီ အာဏာသိမ်းယူပြီးနောက်ပိုင်း စာသင်ကျောင်း ၁၃၀ ကျော်အထိ တိုက်ခိုက်ခံရလို့ ပျက်စီးခဲ့ရတယ်လို့ ဗြိတိန်အခြေစိုက် လွတ်လပ်တဲ့ သတင်းအချက်အလက် ရှာဖွေဖော်ထုတ်ရေးအဖွဲ့ Centre for Information Resilience (CIR) ရဲ့ Myanmar Witness အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ်‌ ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းပြီးချိန်က စပြီး ၂၀၂၄ ဧပြီလ ၃၀ ရက်အထိ ကောက်ယူ ထားတဲ့ စာရင်းတွေအရ စာသင်ကျောင်းတွေနဲ့ တက္ကသိုလ်တွေကို တိုက်ခိုက်တာ ၁၇၄ ကြိမ် ရှိပြီး စာ သင်ကျောင်း ၁၃၃ ကျောင်းထက်မနည်း ပျက်စီးခဲ့ရတယ်လို့ ဇူလိုင်လ ၂၀ ရက်မှာ ထုတ်ပြန်တဲ့ Myanmar Witness အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ လေကြောင်း တိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေ၊မြေပြင်က ထိုးစစ်ဆင်တိုက်ခိုက်မှုတွေနဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် စာသင်ကျောင်းတွေ ပျက်စီးခဲ့ရတယ်လို့ ဖော်ပြပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်းတွေနဲ့ တက္ကသိုလ်တွေ အများဆုံး ပျက်စီးခဲ့ပြီး သေဆုံးသူ ၆၄ဦးနဲ့ ဒဏ်ရာရသူ ၁၀၆ ဦးအထိ ရှိပါတယ်။

Myanmar Witness ရဲ့စီမံကိန်းဒါရိုက်တာ Matt Lawrence ကတော့ “မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေဟာ အရပ်သားတွေ ထောင်နဲ့ချီ သူတို့ရဲ့ အိုးအိမ်တွေကနေ အပြီးအပိုင်စွန့်ခွာရပြီး ဆိုးရွား တဲ့အကျိုးဆက်တွေ ရှိနေပါတယ်။

တိုက်ခိုက်မှုတွေရဲ့ အကျိုးဆက်တွေကို ကြုံတွေ့ခဲ့ရတဲ့ ကျောင်းသူကျောင်းသား မျိုးဆက်တွေအတွက် ပညာရေး မျှော်လင့်ချက်ကို ဝေးကွာသွားစေပါတယ်။

ဒီစုံစမ်းစစ်ဆေးမှုက ဖြစ်ပွားခဲ့တာတွေအားလုံးရဲ့ တစ်စိတ်တစ်ပိုင်းကိုပဲ ထင်ဟပ်နေတာဖြစ်ပြီး လက်တွေ့မှာ အပျက်အစီး အထိအခိုက်များနဲ့ ပညာရေးလေ့လာနိုင်ခွင့်ကို နှောင့်ယှက်မှုတွေက စာရင်းဇယားတွေမှာ ဖော်ပြထားတာထက် ပိုများပါတယ် ” လို့ ပြောထားပါတယ်။

စာသင်ကျောင်း ပျက်စီးမှုတွေဟာ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပြီး သုံးပုံတစ်ပုံနီးပါးရှိကြောင်း အစီရင် ခံစာမှာ ပါဝင်ပါတယ်။ နိုင်ငံတကာဥပဒေအရ စာသင်ကျောင်းတွေကို အကာအကွယ်ပေးထားပေမဲ့ လက် တွေ့မှာ အကာအကွယ်မရဘူးလို့ ဖော်ပြပါတယ်။

ပညာရေးအကာအကွယ်ကမ္ဘာလုံးဆိုင်ရာမဟာမိတ်အဖွဲ့ (GCPEA) အစီရင်ခံစာအရ ၂၀၂၂ ခုနှစ် ဇွန်လမှာ ကျောင်းအပ်နှံမှုဟာ ရှေ့နှစ်နှစ်ထက် ၈၀ ရာခိုင်နှုန်းလျော့သွားပြီး ကလေး ၇.၈ သန်း ကျောင်းတွေကို စွန့်ခွာသွားတယ်လို့ ဆိုပါတယ်။

၂၀၂၁ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၂ နှစ်ကုန်အထိ ကျောင်း ဒါမှမဟုတ် ကျောင်းဝန်ထမ်းတွေ တိုက်ခိုက်မှု ၂၆၀ ခန့်ရှိတယ်လို့ UNHCR ကလည်း မှတ်တမ်းတင်ထားတယ်လို့ ဆိုပါတယ်။

ဆက်စပ် သတင်းများ

Most read