Homeပြည်တွင်းသတင်းစစ်ကောင်စီရဲ့ လေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁၂ ရက်အတွင်း အရပ်သား ၄၄ ယောက် သေဆုံးပြီး ၅၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့

စစ်ကောင်စီရဲ့ လေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁၂ ရက်အတွင်း အရပ်သား ၄၄ ယောက် သေဆုံးပြီး ၅၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့

၇ ဇူလိုင် ၊ ၂၀၂၄

စစ်ကောင်စီရဲ့ လေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် တအာင်းပြည်မှာရှိတဲ့ ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်နဲ့ လားရှိုးမြို့နယ်တွေမှာ အရပ်သား ၄၄ ယောက် သေဆုံးပြီး ၅၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် TNLA ရဲ့ သတင်းနဲ့ပြန်ကြားရေး က ထုတ်ပြန်ပါတယ်။

ဇွန်လ ၂၅ ရက်နေ့ကစပြီး တအာင်းတပ်မတော် (TNLA) နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲတွေစတင်ဖြစ်ပွားရာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကျရောက်မှုကြောင့် ကျောက်မဲမှာ အရပ်သား ၁၇ ယောက်၊ နောင်ချိုမှာ ၂ ယောက်၊ မိုးကုတ်မှာ ၅ ယောက်၊ မိုးမိတ်မှာ ၁ ယောက်နဲ့ လားရှိုးမှာ ၁၅ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အခြား ထိခိုက်ဒဏ်ရာရသူတွေကတော့ ကျောက်မဲမှာ ၂၇ ယောက်၊ နောင်ချိုမှာ ၁ ယောက်၊ မိုးကုတ်မှာ ၄ ယောက်၊ သီပေါမှာ ၆ ယောက်နဲ့ လားရှိုးမှာ ၁၃ ယောက် ရှိတယ်လို့သိရပါတယ်။ နောင်ချိုမြို့လည်း အမျိုးသမီး ၂ ယောက်ကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ နေအိမ် ၇၀ ကျော် ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံ ၃ သောင်းကျော်လည်း ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ဇူလိုင် ၆ ရက်နေ့မှာ လားရှိုး ရပ်ကွက် ၇မှာရှိတဲ့ စိတ္တသုခ ဘုန်းကြီးကျောင်းကို လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ကလေး ၃ ယောက် ဒဏ်ရာပြင်းထန်စွာ ရခဲ့တယ်လို့ ဆိုပါတယ်။

ဇူလိုင် ၅ ရက်နေ့မှာလည်း လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ကျောက်မဲရပ်ကွက် ၁မှာ အရပ်သား ၂ ယောက် သေဆုံးခဲ့ပြီး မိုးမိတ်မြို့နယ် အုန်းကျော်ရွာဟောင်းမှာလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အဘွားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင် ၃ ရက်နေ့က နောင်ချိုမြို့နယ် နမ့်မော်ကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ Y-12 လေယာဉ်က ဗုံးကြဲသဖြင့် အမျိုးသား ၂ ယောက် ပွဲချင်းပြီး သေဆုံးခဲ့ပြီး တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲအတွင်းမှာ ပြည်သူတွေကို ဦးတည်ပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတာတွေ ပြုလုပ်နေသည့်အတွက် စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

ဆက်စပ် သတင်းများ

Most read