Homeပြည်တွင်းသတင်းစစ်ကောင်စီတပ်သားတွေ တိုက်ပွဲအတွင်းပျောက်ဆုံးပါက ပင်စင်မပေးဟု မိသားစုဝင်တွေပြော

စစ်ကောင်စီတပ်သားတွေ တိုက်ပွဲအတွင်းပျောက်ဆုံးပါက ပင်စင်မပေးဟု မိသားစုဝင်တွေပြော

၁၁ မတ် ၊ ၂၀၂၅

စစ်ကောင်စီတပ်သားတွေတိုက်ပွဲအတွင်း ပျောက်ဆုံးပါက တပ်တွင်းကျန်ရစ်သူမိသားစုကို ပင်စင်မပေးဘဲ လစာ ၆ လအထိသာပေးတယ်လို့ စစ်တပ်မီသားစုအသိုင်းဝန်းထံက စုံစမ်းသိရှိရပါတယ်။

စစ်ကောင်စီတပ်တွေထဲမှာ စာရေးအဆင့်မှလွဲပြီး ရဲဘော်အဆင့်တွေကို တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေကို စေလွှတ်နေပြီး အများစုမှာ ပျောက်ဆုံးစာရင်းထဲရောက်သွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီအနေနဲ့တိုက်ပွဲမှာ ကျသွားတဲ့ရဲဘော်တွေရဲ့ ကျန်မိသားစုဝင်တွေကို နစ်နာကြေးသာပေးပြီး ပင်စင်မပေးဘူးလို့လည်း ကျဆုံးစစ်သားရဲ့မိသားစုဝင်က ပြောပါတယ်။

“ရခိုင်တိုက်ပွဲမှာပါသွားတာ။ ကနဦးကတော့ စစ်သင်တန်းဆိုပြီး မိတ္ထီလာကိုလွှတ်တယ်။ တစ်ခေါက်ပြန် လာတယ်။ ရခိုင်မှာ တာဝန်ကျတယ်ဆိုပြီး ထပ်လွှတ်တယ်။ ခုချိန်ထိအဆက်အသွယ်မရတော့ဘူး။ သူတို့ကတော့ ၆ လနေမှမဆက်သွယ်ရင် ပျောက်ဆုံးစာရင်းထဲထည့်တာပေါ့။ ကျွန်မထင်ပါတယ်။ ခုချိန်ထိမဆက်သွယ်ပုံထောက်ရင် သူသေသွားပြီလို့”လို့ စစ်ကောင်စီတပ်သားရဲ့အမျိုးသမီးတဦးက New Day Myanmar ပြောပါတယ်။

တိုက်ပွဲအတွင်း ကျဆုံးပါက စစ်ကောင်စီအနေနဲ့ပင်စင်ပေးပြီး ပျောက်ဆုံးပါက လစာ ၆ လအထိသာပေးပြီး လိုင်းခန်းကနေဖယ်ခိုင်းတယ်လို့ ၎င်းကဆက်လက်ရှင်းပြထားပါတယ်။

“အမ အမျိုးသားကပျောက်ဆုံးစာရင်းထဲပါတာပေါ့။ ၆ လအထိပဲလစာပေးတယ်။ အရာရှိတွေလည်းအဲဒီလိုပဲ။ ပျောက်ရင် လစာ ၆ လအထိပဲပေးတယ်။ တချို့ကပြေးသွားတဲ့သူရှိတာကို။ ကျန်ခဲ့တဲ့အမျိုးသမီးကဆက်ပြီးတာဝန်ထမ်း ဆောင်မယ်ဆိုရင်တော့ လိုင်းခန််း ကနေမဖယ်ပေးရဘူး။ မလုပ်ဘူးဆိုတော့ ဒီလကုန်ဖယ်ပေးရမယ်” လို့ ထိုအမျိုးသမီးကဆိုပါတယ်။

ဒါ့ပြင် တက္ကသိုလ်ဝင်စာမေးပွဲပြီးပါက နိုင်ငံရေးတခုခုဖြစ်သွားနိုင်တဲ့အတွက် ၂၄ နာရီ သတိဖြင့်နေရန် တပ်တွေကို စစ်ကောင်စီကညွှန်ကြားထားကြောင်းနဲ့လက်ရှိတပ်တွင်းမှာလည်း အမျိုးသားများမရှိ သလောက်ဖြစ်နေပြီး အမျိုးသမီးတွေကို စစ်သင်တန်းပေးကာ အလှည့်ကျစနစ်နဲ့ ကင်းစောင့်နေရတယ်လို့ သိရပါတယ်။

Photo – စစ်ကောင်စီ

ဆက်စပ် သတင်းများ

Most read