၇ ဇန်နဝါရီ၊၂၀၂၄
လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံရေးအကျဉ်းသား ၆၀၀ခန့်ကို လွတ်ငြိမ်းပေးခဲ့ကြောင်း စစ်ကောင်စီက ကြေညာခဲ့ပေမယ် အမှန်တစ်ကယ် ၃၄၄ ဦးသာလွှတ်ပေးခဲ့ပြီး နိုင်ငံရေးအကျဉ်းသား လွတ်မြောက်မှုစာရင်းကိုဖုံးကွယ်ကာ နိုင်ငံရေးအမြတ်ထုတ်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ပြန်ပြောဆိုရာမှာ အကျဉ်းသား ၅,၈၆၄ ဦးကို လွတ်ငြိမ်း ပေးခဲ့ပြီး ပုဒ်မ (၅၀၅) ဖြင့် တရားစွဲဆိုခံထားရသူ နိုင်ငံရေးအကျဉ်းသား ၆၀၀ ခန့်ပါဝင်တယ်လို့ ပြောဆိုထား ပေမယ့် အကျဉ်းထောင်၄၂ခုမှ လွတ်ငြိမ်းဖြင့် လွတ်မြောက်လာခဲ့သူများအနက် နိုင်ငံရေးအကျဉ်း သား အမျိုး သား၂၀၈ဦး၊ အမျိုးသမီး ၁၃၁ဦး၊ ကျား/မ စိစစ်ဆဲ ငါးဦး၊ စုစုပေါင်း ၃၄၄ ဦးသာရှိခဲ့တယ်လို့ PPNM က ဇန်နဝါရီ ၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
‘’ဗိုလ်ချုပ်ဇော်မင်းထွန်းပြောထားတာက အပြစ်ဒဏ်ကျခံနေရတဲ့ အပြစ်ဒဏ်ထဲက ခြောက်ပုံတစ်ပုံ လျှော့ချပေးတဲ့ပုံစံပြောနေခဲ့ပေမယ့် အပြင်မှာဖြစ်နေတာက အကျဉ်းကျခံနေရတဲ့ ကျန်ကာလရဲ့ ခြောက်ပုံ တစ်ပုံပဲ ပေးတာပါ ဥပမာ လွတ်ရက် ၆ ရက်ပဲကျန်တော့တဲ့သူကို တစ်ရက်လျှော့ပေးတာပါ ဒါက စစ်ကောင်စီက လွတ်ငြိမ်းခွင့်ကိုသုံးပြီး ပြည်သူတွေကိုလိမ်လည်ပြီး မျှော်လင့်ချက်အမှားပေးတာဖြစ်သလို နိုင်ငံတကာ စာမျက်နှာမှာလည်း နိုင်ငံရေးအမြတ်ထုတ်နေတာပါလို့ “ PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက New Day Myanmar ကိုပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်း၂၆ဦးကလည်း စစ်ကောင်စီသည် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသားတွေနဲ့ ၎င်းတို့ရဲ့ မိသားစုဝင်တွေအားအသုံးချပြီး နိုင်ငံရေးအမြတ်ထုတ်မှုကို ကန့်ကွက်တယ်လို့ ဇန်နဝါရီလ ၆ ရက်နေ့ကမှာပဲ ထုတ်ပြန်ခဲံပါတယ်။
ထို့အပြင် စစ်ကောင်စီ၏ ဇန်နဝါရီ ၄ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်တွင် တသက်တကျွန်း ပြစ်ဒဏ် ကျခံနေရသူ အကျဉ်းသား၊အကျဉ်းသူ ၁၄၄ ဦးအား ထောင်ဒဏ် ၁၅ နှစ်သို့ ပြောင်းလဲကျ ခံရမည်ဟုပါရှိပြီး အဆိုပါ အကျဉ်းသား၊အကျဥ်းသူများမှာ မည်သည့် ပုဒ်မများဖြင့် ကျခံနေရသူများဖြစ်သည်ဟု မပါရှိသည့်အပြင် မည်သူများဖြစ်သည်ဟုလည်း မပါသည့်အတွက် ဆက်လက် စောင့်ကြည့် အချက်အလက်စိစစ်သွား ရန်လိုအပ် ကြောင်းတော်လှန်ရေးအဖွဲ့အစည်းအသီးသီးအား အသိပေးထားသည်။
Photo – PPNM