Homeပြည်တွင်းသတင်းစစ်ကောင်စီက ဆေးရုံ၊ ဆေးခန်းတွေကိုပစ်မှတ်ထားတိုက်ခိုက်နေကြောင်း NUG ထုတ်ပြန်

စစ်ကောင်စီက ဆေးရုံ၊ ဆေးခန်းတွေကိုပစ်မှတ်ထားတိုက်ခိုက်နေကြောင်း NUG ထုတ်ပြန်

၄ သြဂုတ်၊ ၂၀၂၄

စစ်ကောင်စီဟာ ဆေးရုံ၊ ဆေးခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၊ ကျန်းမာရေး ဝန်ကြီးဌာနက အချက်အလက်တွေနဲ့ထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၁) ရက် ည (၁၁း၃၀) နာရီ၀န်းကျင်မှာ လောက်ကိုင်မြို့တော်၊ တုန်းချိန်မြို့ကို တိုက်ပွဲမရှိဘဲလေကြောင်းက Heavy weight ဗုံးသီး (၄) လုံး ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဗုံးသီး (၄) လုံးအနက် (၂) လုံးမှာ အထူးဒေသ (၁)၊ အမှတ် (၂) ပြည်သူ့ဆေးရုံနဲ့ ဘေးက အဆောက်အအုံတွေကို ကျရောက်ပေါက်ကွဲပြီး ကျန်တဲ့ (၂) လုံးမှာ Fully Light ဟိုတယ်အနီးက အရပ်သားနေအိမ်တွေကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဩဂုတ်လ (၂) ရက်နေ့၊ နံနက် (၀၁း၃၀) နာရီဝန်းကျင် ကိုးကန့်ခရိုင်၊ တုန်းရှမ်းမြို့နယ်၊ ထိုက်ဖျင်တိုက်နယ်၊ ရိုးယွမ်ကျည်ရွာသို့ ဗုံးသီး (၁၇) လုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် လောက်ကိုင်က ပြည်သူ့ဆေးရုံကလုံခြုံရေးဝန်ထမ်း (၁) ဦး ပွဲချင်းပြီးသေဆုံးပြီး ဆေးရုံတက်နေတဲ့လူနာ (၂) ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ပါတယ်။

ဇူလိုင်လ (၁၀) ရက်က စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ မုံရွာ-ရေဦးလမ်းပိုင်း၊ ထနောင်ကုန်းကျေးရွာက ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အအုံကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် CDM သားဖွားဆရာမ (၁) ဦးအပါအဝင် လူနာနဲ့ PDF ရဲဘော် (၆) ဦး၊ စုစုပေါင်း (၇) ဦး ကျဆုံးခဲ့ကာ စုစုပေါင်း (၁၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျေးလက်ကျန်းမာရေးဌာန အဆောက်အအုံ ပျက်စီးခဲ့ပါတယ်။

ဇူလိုင်လ (၁၅) ရက်မှာ ရက္ခိုင်ပြည်၊ သံတွဲမြို့အတွင်းက ခရိုင်ပြည်သူ့ဆေးရုံကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာကြောင့် ဆေးရုံအဆောင်များ ပျက်စီးထိခိုက်ခဲ့ပါတယ်။

စစ်ကောင်စီက ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions) ၊ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ လူအခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာ ဖြစ်တယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနက ရှုတ်ချထားပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနဟာ သေဆုံးထိခိုက်ခဲ့တဲ့ ပြည်သူတွေနဲ့ကျန်းမာရေးဝန်ထမ်းတွေ၊ တော်လှန်ရေးရဲဘော်တွေအတွက် တရားမျှတမှုကို ဆောင်ကျဉ်းသွားပြီး ပြင်းထန်စွာ အရေးယူဖို့ ကြိုးပမ်းသွားမယ်လို့ သြဂုတ်လ ၂ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

ဆက်စပ် သတင်းများ

Most read