Homeပြည်တွင်းသတင်းစစ်ကောင်စီကို အရေးယူဖို့ စကားလုံးသက်သက်နဲ့ မလုံလောက်တော့ဘူးလို့ IIMM အကြီးအကဲပြော

စစ်ကောင်စီကို အရေးယူဖို့ စကားလုံးသက်သက်နဲ့ မလုံလောက်တော့ဘူးလို့ IIMM အကြီးအကဲပြော

၁၀ စက်တင်ဘာ၊ ၂၀၂၄

စကားလုံးသက်သက်နဲ့ ပြောဆိုနေတာဟာ စစ်ကောင်စီအတွက် မလုံလောက်တော့ဘူးလို့ စက်တင်ဘာလ ၉ ရက်က ကျင်းပတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ပုံမှန်အစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) အကြီးအကဲ Mr. Nicholas Koumjian က ပြောလိုက်ပါတယ်။

မြန်မာအရေးကို စကားလုံးတွေထက် ပိုပြီး ထောက်ခံပံ့ပိုးပေးဖို့ လိုအပ်တယ်လို့ IIMM က မြန်မာ့အရေးအတွက် ၅၇ ကြိမ်မြောက် ကုလပုံမှန်အစည်းအဝေးမှာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေကို သူကပြောခဲ့ပါတယ်။

IIMM အကြီးအကဲ Mr. Nicholas Koumjian က ၅၇ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ရက်စက်ကြမ်းကြုတ်တဲ့ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို မကြာခဏ ကျူးလွန်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ စစ်တပ်ဟာ အရပ်သားတွေကို ပစ်မှတ်ထားပြီး အကြမ်းဖက် တိုက်ခိုက်နေတယ်လို့လည်း ကုလ လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေကို ပြောဆိုခဲ့ပါတယ်။

IIMM ရဲ့ အစီရင်ခံစာမှာ ချင်း၊ ကချင်၊ ကရင်နီ၊ ကရင် နဲ့ ရှမ်းပြည်နယ်တို့မှာ အရပ်သားတွေကို ရိုက်နှက်ခြင်း၊ လျှပ်စစ်ရှော့တိုက်ခြင်း၊ လည်ပင်းညှစ်ခြင်း၊ လက်သည်းများကို ပလာယာများနဲ့ ဆွဲထုတ်ခြင်း အပါအဝင် အကျဉ်းသားတွေကို ညှဉ်းပန်းနှိပ်စက်ခြင်း၊ လိင်အကြမ်းဖက်ခြင်း ၊ လိင်ကိုမူတည်ပြီး ပြစ်မှုကျူးလွန်ခြင်းတွေကို စစ်ကောင်စီနဲ့ လက်အောက်ခံတပ်ဖွဲ့ဝင်တွေက ကျူးလွန်ခဲ့တာကို ဖော်ပြထားပါတယ်။

ဒီတင်ပြချက်မှာ Mr. Koumjian က ရခိုင်ပြည်နယ်အတွင်းက အခြေအနေနဲ့ သတ်ဖြတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ မုဒိမ်းမှုနဲ့ ကျေးရွာတွေ မီးရှို့ခံရမှုတွေနဲ့ပတ်သတ်ပြီးလည်း အစီရင်ခံခဲ့ပါတယ်။ ရခိုင်ပြည်နယ်က တိုင်းရင်းသားအားလုံး ဒုက္ခရောက်နေပြီး ရိုဟင်ဂျာ လူဦးရေက အထူးစိုးရိမ်ရတဲ့အနေအထားမှာ ရှိနေတယ်လို့ သူက ထည့်သွင်း ပြောကြားသွားပါတယ်။

စစ်ကောင်စီကို ICC ၊ ICJ နဲ့ အာဂျင်တီးနားတရားရုံးမှာ လက်ရှိ တရားစွဲဆိုမှုတွေအတွက် အချက်အလက် တစ်သန်းကျော်ပါဝင်တဲ့ ဖိုင်တွဲပေါင်း ၈၀ ကျော်ကို IIMM က တရားစွဲဆိုမှု သက်သေတွေအဖြစ် ပေးပို့ထားပါတယ်။ နိုင်ငံတကာဥပဒေအရ အရေးယူနိုင်ဖို့ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပြီး စစ်ခေါင်းဆောင်နဲ့ အပေါင်းအပါတွေကို ဖမ်းဝရမ်းထုတ်နိုင်အောင် ကြိုးစားနေတယ်လို့ သူက ဆိုပါတယ်။

(IIMM) အကြီးအကဲ Mr. Nicholas Koumjian ရဲ့ လူ့အခွင့်အရေးအစီရင်ခံစာနဲ့ပတ်သတ်ပြီး ကြိုဆိုထောက်ခံကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၀ ရက် ဒီနေ့မနက်မှာ ထုတ်ပြန်ထားပါတယ်။

ပုံစာ – ၅၄ ကြိမ်မြောက် ကုလသမဂ္ဂပုံမှန်အစည်းအဝေးတုန်းက IIMM အကြီးအကဲ Mr. Nicholas Koumjian မြန်မာ့အရေးဆွေးနွေးနေစဉ်

Photo – UN

ဆက်စပ် သတင်းများ

Most read