Homeပြည်တွင်းသတင်းစစ်ကောင်စီကို လေယာဉ်ဆီ ရောင်းချနေတဲ့ အဖွဲ့အစည်းနဲ့ လူတစ်ဦးချင်းစီတိုင်းကို လက်တွေ့အရေး ယူပေးဖို့ အမေရိကန်ပြည်ထောင်စုကို Justice For Myanmar နဲ့...

စစ်ကောင်စီကို လေယာဉ်ဆီ ရောင်းချနေတဲ့ အဖွဲ့အစည်းနဲ့ လူတစ်ဦးချင်းစီတိုင်းကို လက်တွေ့အရေး ယူပေးဖို့ အမေရိကန်ပြည်ထောင်စုကို Justice For Myanmar နဲ့ The Sentry အဖွဲ့တွေ တောင်းဆို

၁၁ ဇူလိုင်၊ ၂၀၂၄

အကြမ်းဖက် စစ်ကောင်စီကို လေယာဉ်ဆီရောင်းချနေတဲ့ အဖွဲ့အစည်းတွေနဲ့ လူတစ်ဦးချင်းစီတိုင်းကို လက်တွေ့ အရေးယူပေးဖို့ အမေရိကန်ပြည်ထောင်စုကို လူ့အခွင့်အရေးအဖွဲ့အစည်းများဖြစ်တဲ့ Justice For Myanmar နဲ့ the Sentry အဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံကို လေယာဉ်ဆီ ရောင်းချမှုတွေမှာ အဓိက ပါဝင်နေတဲ့ တရုတ်အလံတင်သင်္ဘော HUITONG78၊ ၊ ဗီယက်နမ် သိုလှောင်ဆိပ်ကမ်း Hai Linh Co. Ltd. အပါအဝင် တခြားလူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို ဒဏ်ခတ်ပိတ်ဆို့ပေးဖို့ အမေရိကန်ပြည်ထောင်စုကို ထုတ်ပြန်ချက်ထုတ်ပြီး တောင်းဆိုလိုက် တာဖြစ် ပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေဆီက ရတဲ့ ယုံကြည်နိုင်တဲ့ ထောက်လှမ်းရေး သတင်း အချက်အလက်တွေကို အခြေခံပြီး အသုံးချဖို့လိုကြောင်း တိုက်တွန်းရေးသားထားပါတယ်။

မြန်မာစစ်ကောင်စီဟာ မြန်မာအရပ်သားပြည်သူတွေကို လေကြောင်းကနေ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ဆင်ရေးတွေ ဆင်နွှဲနေတဲ့အပြင် ပြင်းထန်တဲ့ စစ်ရာဇဝတ်မှုတွေကို ဆက်ပြီး ကျူးလွန်နေတယ်လို့ ဖော်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ မြန်မာနိုင်ငံကို လေယာဉ်ဆီတင်ပို့တဲ့ ကဏ္ဍမှာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ အရေးယူမယ့် အစီအစဉ်တစ်ခုကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်း ချမှတ်ထားပေမယ့် အခုချိန်ထိ ဘယ်လေယာဉ်ဆီဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုတစ်ခုကိုမှ အရေးမယူရသေးတဲ့အပေါ် JFM နဲ့ the Sentryတို့က ထောက်ပြခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုက လေယာဥ်ဆီကဏ္ဍအရေးယူမယ်လို့ ကြေညာပြီးနောက်ပိုင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီလက စတင်ကာ မြန်မာနိုင်ငံသို့ လေယာဉ်ဆီ တင်ပို့ရောင်းချမှု ပမာဏ တိုးမြင့်လာတယ်လို့ Amnesty International အဖွဲ့ကလည်း မကြာခင်က ထုတ်ပြန်ကြေညာထားပါတယ်။

ဒါကြောင့် တရုတ်အလံတင်သင်္ဘော HUITONG78၊ ရေနံသိုလှောင်ရေး ဆိပ်ကမ်းလုပ်ကိုင်တဲ့ ဗီယက်နမ် ကုမ္ပဏီ Hai Linh Co. Ltd. နဲ့ စစ်အုပ်စုကို လေယာဉ်ဆီရောင်းချမှုတွင် ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်း တွေနဲ့ လူတစ်ဦးချင်းစီအပေါ် ဒဏ်ခတ်ပိတ်ဆို့ပေးဖို့ JFM နှင့် Sentry အဖွဲ့တို့က တိုက်တွန်းတောင်းဆို ထားပါတယ်။

The Sentry ရဲ့ တရားမဝင်ငွေကြေးဆိုင်ရာမူဝါဒ ဒါရိုက်တာ Oliver Windridge က “Amnesty International အဖွဲ့က ဘယ်သူတွေ ပါဝင်ပတ်သက်နေတယ်၊ ၎င်းတို့က မြန်မာနိုင်ငံကို မရဏကုန်စည်တွေ ဘယ်လိုဆက်လက်ပေးပို့နေတယ်ဆိုတဲ့ ယုံကြည်ထိုက်တဲ့ ထောက်လှမ်းရေးသတင်းအချက်အလက်တွေ နှစ်ကြိမ်တိုင် ပေးအပ်ခဲ့ပါတယ်။

ဘဏ္ဍာရေးဌာနအနေနဲ့ ဟန်ရေးပြသက်သက်မဟုတ် တကယ်အဟုတ်လုပ်တယ်ဆိုတာကို ပြသဖို့ မြန်မာစစ်အုပ်စုလေတပ်ကို အားပေးကူညီနေသူတွေကို မဖြစ်မနေ အရေးယူ ဒဏ်ခတ်ပိတ်ဆို့ရပါမယ် “ လို့ ပြောဆိုကြောင်း JFM က ရေးသားပါတယ်။

Justice For Myanmarရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “စစ်အုပ်စုက ခုခံတော်လှန်ရေးအင်အား စုတွေဆီမှာ နယ်မြေတွေ ဆက်တိုက် ဆုံးရှုံးလာတာနဲ့အမျှ မဆင်မခြင် လေကြောင်းတိုက်ခိုက်မှုတွေအပေါ် အကြီးအကျယ် ပိုမိုမှီခိုလာရပြီး၊ ဒီလိုဗရမ်းဗတာ တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေ သေဆုံးခြင်း၊ စာသင်ကျောင်း၊ ကျန်းမာရေးဆိုင်ရာအဆောက်အအုံနဲ့ လူနေကျေးရွာတွေကို ဖျက်ဆီးခံရခြင်း၊ လူအများအပြား နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရခြင်းတွေကို ဖြစ်စေခဲ့ပါတယ်။

စစ်အုပ်စုရဲ့ လေယာဉ်ဆီ ထောက်ပံ့ရေးကွင်းဆက်ကို ဖြတ်တောက်ဖို့အတွက် နိုင်ငံတကာအရေးယူ ဆောင်ရွက်မှုတွေ ကင်းမဲ့နေခြင်းကြောင့်လည်း ဒီလိုရာဇဝတ်မှုတွေ ဆက်လက်ရှိနေတာပါ “ လို့ ပြောဆိုခဲ့တယ်လို့ JFM ရဲ့ သတင်းဆောင်းပါးမှာ ဖော်ပြထားပါတယ်။

ဆက်စပ် သတင်းများ

Most read