မတ်လ ၂၈ ရက် စစ်ကိုင်းငလျင်ကြီး လှုပ်သွားပြီးနောက်ပိုင်းကစလို့ မေလ ၃၀ ရက်အထိ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၅၂၈ ကြိမ် လုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ အဲ့ဒီတိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၄၆၂ ယောက် သေဆုံးပြီး၊ ၈၈၄ ယောက် ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
သေဆုံးသူတွေထဲမှာ အသက် ၁၈ အောက် ကလေး ၇၂ ယောက်လောက် ပါပြီး၊ အသက် ၁၈ အထက်မှာ ၁၄၂ ယောက်၊ ကျန်တဲ့ ၂၄၈ ယောက်က အသက်မသိရသေးပါဘူး။ ဒဏ်ရာရသူတွေထဲမှာလည်း အသက် ၁၈ အောက် ကလေး ၁၈၂ ယောက်၊ အသက် ၁၈ အထက် ၂၀၃ ယောက်၊ ကျန် ၄၉၉ ယောက်က အသက်မသိရသေးဘူးလို့ ဆိုပါတယ်။
စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ ၂ လခန့်အတွင်း စစ်ကိုင်းတိုင်းမှာ လေကြောင်းတိုက်ခိုက်မှု ၁၂၂ ကြိမ်၊ ချင်းပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှု ၂၀ ကြိမ်၊ မကွေးတိုင်းမှာ လေကြောင်းတိုက်ခိုက်မှု ၆၇ ကြိမ်၊ ကချင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှု ၁၉ ကြိမ်၊ မန္တလေးတိုင်းမှာလေကြောင်းတိုက်ခိုက်မှု ၁၃၆ ကြိမ်၊ ရှမ်းပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှု ၂၆ ကြိမ်ရခိုင်ပြည်မှာ လေကြောင်းတိုက်ခိုက်မှု ၂၄ ကြိမ်၊ ကရင်နီပြည်မှာ လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်၊ ပဲခူးတိုင်းမှာ လေကြောင်းတိုက်ခိုက်မှု ၃၅ ကြိမ်၊ ကရင်ပြည်မှာ လေကြောင်းတိုက်ခိုက်မှု ၃၃ ကြိမ်၊ ဧရာဝတီတိုင်းမှာ လေကြောင်းတိုက်ခိုက်မှု ၁၄ ကြိမ်၊ တနင်္ဿာရီတိုင်းမှာ လေကြောင်းတိုက်ခိုက်မှု ၁၄ ကြိမ်နဲ့ မွန်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှု ၁၂ ကြိမ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အခုလက်ရှိမှာတော့ စစ်ကိုင်းငလျင်ကြောင့် ဘေးသင့်ပြည်သူတွေကို ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ဖို့အတွက် MNDAA, TNLA နဲ့ AA တို့ ပါဝင်တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့က တဖက်သတ်အပစ်ရပ်ကာလ တစ်လတိုးထားပေမယ့် တဖက်မှာ စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတာတွေ၊ လက်နက်ကြီးတွေနဲ့ပစ်တာတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။