မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက် နေ့လည် တစ်နာရီဝန်းကျင်က စစ်ကိုင်းမြို့မြောက်ဘက် ဆယ်မိုင်အကွာကို ဗဟိုပြုလှုပ်ခက်ခဲ့တဲ့ မြေငလျင်ကြောင့် အပျက်အစီးများခဲ့ပါတယ်။
အမေရိကန်အစိုးရ ဘူမိဗေတိုင်းတာရေးအဖွဲ့ (USGS)ရဲ့ ထုတ်ပြန်ချက်အရ မြေငလျင်ပြင်းအားဟာ ၇ ဒသမ ၇ ရှိတယ်လို့ သိရပါတယ်။
ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများတဲ့ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းနဲ့ နေပြည်တော်ကောင်စီနယ်မြေတွေကို စစ်ကောင်စီရဲ့ အမျိုးသားသဘာ၀ဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။
ပျက်စီးဆုံးရှုံးမှုတွေကို အမြန်ဆုံးစုံစမ်းပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို အလျင်အမြန်ဆောင်ရွက်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေရရှိအောင် ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီငလျင်ကြောင့် စစ်ကိုင်းတံတားဟောင်းပြိုကျပျက်စီးခဲ့သလို မန္တလေးမြို့ပေါ်မှာလည်း အဆောက်အအုံပြိုကျပျက်စီးတာတွေဖြစ်ပေါ်ခဲ့ပါတယ်။
ပုံစာ -(ငလျှင်ကြောင့် အောင်ပန်း ဟိုတယ် ပြိုကျပျက်စီးနေမှု)
ဓာတ်ပုံ – CJ