ဧပြီလ ၂၈ ရက်မှာ ငလျင်ဘေးကြီးသင့်ခဲ့တာ တလပြည့်ခဲ့တဲ့အချိန်ထိ မိသားစုတွေဟာ လုံခြုံမှုမရှိတဲ့ ယာယီတဲတွေမှာ ဆက်လက်နေထိုင်နေကြရပြီး သန့်ရှင်းတဲ့ သောက်သုံးရေ၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ကာကွယ်စောင့်ရှောက်ပေးမှုတွေလည်း အလုံအလောက်မရရှိနိုင်ကြသေးဘူးလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA)က ထုတ်ပြန်ပါတယ်။
လူသားချင်းစာနာမှုဆိုင်ရာ ဝန်ထမ်းတွေဟာ ငလျင်ဘေး တုံ့ပြန်ရေး လုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိကြပေမယ့် လူထုအသိုင်းအဝိုင်းတွေ ပြန်လည် ထူထောင်နိုင်ဖို့တော့ အကူအညီတွေ အများကြီး လိုအပ်နေသေးတယ်လို့ ဆိုပါတယ်။
အခုချိန်ထိ လူထောင်ပေါင်းများစွာဟာ ယာယီတဲတွေနဲ့နေထိုင်နေရသလို လမ်းတွေပေါ်မှာ အိပ်စက်နေရတုန်းဖြစ်တယ်လို့ ဆိုပါတယ်။ သန့်ရှင်းတဲ့ ရေနဲ့ ကျန်းမာရေးစောင့်လျောက်မှုတွေလည်း လုံလုံလောက်လောက်မရှိသေးပါဘူး။
စာသင်ကျောင်းပေါင်း ၂၅၀၀ ကျော်ပျက်စီးထိခိုက်ခဲ့ပြီး နေအိမ်နဲ့ အဆောက်အဦးတွေပြိုကျပျက်စီးခဲ့တာကြောင့် ကလေးတွေအတွက် စာသင်ကြားစရာနဲ့ လွတ်လွတ်လပ်လပ်ဆော့ကစားနိုင်တဲ့ နေရာတွေလည်းမရှိဖြစ်နေပါတယ်။
လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ လိုအပ်ချက်အများကြီးရှိနေဆဲဖြစ်တယ်လို့လည်း UNOCHA က သတင်းထုတ်ပြန်ပါတယ်။
“အိမ်တွေမှာ ပြန်နေရဖို့ နေနေသာ၊ အစားအသောက်နဲ့ ရေတောင်မှ အခက်အခဲဖြစ်နေတဲ့ နေရာတွေအများကြီးပါ။”လို့ စစ်ကိုင်းဒေသခံတဦးက New Day Myanmar ကိုပြောပါတယ်။
ဓါတ်ပုံ – UNICEF/Nyan Zay Htet