Homeပြည်တွင်းသတင်းချောင်ချောင်ရွှေဆိုင်ပိုင်ရှင်ဆီက ဓားပြတိုက်သွားတဲ့ ရွှေ ၁၀ ပိဿာကျော်နှင့် သိန်း ၁၀၀၀ ကျော်ကို တရားခံ ပျူစောထီးအဖွဲ့ဝင်တွေဆီက ပြန်လည်ရရှိ

ချောင်ချောင်ရွှေဆိုင်ပိုင်ရှင်ဆီက ဓားပြတိုက်သွားတဲ့ ရွှေ ၁၀ ပိဿာကျော်နှင့် သိန်း ၁၀၀၀ ကျော်ကို တရားခံ ပျူစောထီးအဖွဲ့ဝင်တွေဆီက ပြန်လည်ရရှိ

၁၆ စက်တင်ဘာ၊ ၂၀၂၄

စက်တင်ဘာ ၁၀ ရက်က မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ချောင်ချောင် ရွှေဆိုင်ပိုင်ရှင်ရဲ့ နေအိမ်ကို ဓားပြတိုက်သူများမှာ ပျူစောထီးအဖွဲ့ဝင်တွေဖြစ်ပြီး သူတို့တိုက်ယူသွားတဲ့ ရွှေ ၁၀ ပိဿာကျော်နှင့် ငွေကျပ် သိန်း ၁၀၀၀ ကျော်ခန့်ကို ပြန်လည်ရရှိတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်နဲ့ စစ်ကောင်စီထုတ်ပြန်တဲ့ သတင်းတွေအရ သိရပါတယ်။

စက်တင်ဘာ ၁၀ ရက် နံနက် ၈ နာရီဝန်းကျင်မှာ မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် ၁ ရပ်ကွက်က ချောင်ချောင်ရွှေဆိုင်ပိုင်ရှင် ဦးရွှေဝင်းရဲ့ နေအိမ်ကို လူ ၇ ဦးက သေနတ်တွေနဲ့ ဝင်ရောက် ဓားပြတိုက်ခဲ့ပြီး ရွှေ ၁၀ ပိဿာကျော်နှင့် ငွေကျပ်သိန်း ၁,၀၀၀ ဝန်းကျင်ကို ဓားပြတိုက် လုယက်သွားပါတယ်။

ကျူးလွန်သူတွေကို စစ်ကောင်စီက ဖမ်းဆီးခဲ့ရာ စက်တင်ဘာလ ၁၄ ရက် ည ၉ နာရီခွဲမှာ ဓားပြတိုက်ရာမှာ ပါဝင်သူဖြစ်သည့် ပုသိမ်ကြီးမြို့နယ်၊ ကုန်းတန်းရပ်ကွက်နေ ခင်မောင်စိုး ၊ နိုင်မင်းဝေ (ခ) ကုလား (ခ) ကျော်ကြီး၊ ကျော်စိုးမင်းထွန်း (ခ) ညီညီစိုး၊ ဇင်ကိုကိုကျော် (ခ) ကရင်ကြီး၊ အောင်ဇော်ထွန်း (ခ) အငယ်ကောင်၊ လှိုင်းထက်အောင် (ခ) တောဝက် (ခ) ဝက်ကလေးတို့ကို ဖမ်းဆီးရရှိခဲ့ပြီး ချမ်းသာ (ခ) ရွှန်းထက်မောင်မှာ လွတ်မြောက်နေတယ်လို့ စစ်ကောင်စီ ရဲတပ်ဖွဲ့က ဆိုပါတယ်။

ဖမ်းမိသူတွေက လပခမှာ ပျူစောထီးသင်တန်းတက်ထားပြီး သူတို့ကို ပျူအချင်းချင်း သတင်းပြန်ပေါက်ပြီး နောက်ဆုံးဖမ်းမိတာ ဖြစ်ကြောင်း သိရပြီး ဖမ်းမိဖို့ ပျူစောထီး ပေါက်ကိုယ်တော်ကို စစ်ကောင်စီက အကူအညီတောင်းခဲ့ရကြောင်း ဒေသခံတွေက ဆိုပါတယ်။ ပေါက်ကိုယ်တော်ကိုယ်တိုင်ကလည်း ရဲတပ်ဖွဲ့က အကူအညီတောင်းခဲ့ကြောင်းကို စက်တင်ဘာလ ၁၅ ရက် မနေ့က သူ့ရဲ့လူမှုကွန်ယက်မှာရေးသားထားပါတယ်။

၂၀၂၄ခုနှစ်အတွင်း မန်းမြို့စျေးက ဆယ်သန်းရွှေဆိုင်ဟာ ဇန်နဝါရီနဲ့ မေလကနှစ်ကြိမ် ဓါးပြတိုက်ခံခဲ့ရပပါတယ်။ ၂၀၂၃အတွင်းက မန္တလေးမြို့က ထက်ဝေယံရွှေဆိုင်နဲ့ ပေါ်ဦးရွှေဆိုင် ဓားပြတိုက်ခံပါတယ်။ ဓားပြတိုက်မှု ၊ လုယက်မှုတွေဟာ စစ်ကောင်စီနဲ့ ပျူစောထီးတို့ရဲ့ လက်ချက်တွေဟာ ဖြစ်တယ်လို့ မန္တလေးဒေသခံတွေက ပြောဆိုပါတယ်။

စက်တင်ဘာလ ၁၁ ရက်မှာ မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်၊ ဃ ရပ်ကွက်က ဦးရဲလင်းရွှေ နေအိမ်ကို လူ ၇ ဦးက ဓားပြတိုက်ပြီး Suzuki ခွေးဘီးလူးကား 6J-9817 ကားကို လုယက်မှု ဖြစ်ပွားခဲ့ပါတယ်။ ဒီလုယက်မှုကို ကျူးလွန်ကြသူတွေက မန္တလေးအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင် ဇွဲထက် (ခ) ဇောင်းထက် ခေါင်းဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၇ ဦး ဖြစ်ပြီး အိမ်ရှင် ဦးရဲလင်းရွှေနှင့်ဇနီးကို ရိုက်နှက်ခဲ့ကြတယ်လို့ သိရပါတယ်။ ပြည်သူ့စစ်အဖွဲ့ဝင် ဇွဲထက်(ခ) ဇောင်းထက်အပါအဝင် တရားခံပြည်သူ့စစ်အဖွဲ့ဝင်တွေကို စစ်တပ်နဲ့ ရဲတွေက ဖမ်းဆီးရရှိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ကြေညာထားပါတယ်။

ပုံစာ – ချောင်ချောင်ရွှေဆိုင်ပိုင်ရှင်ကို လုယက်မှုဖြစ်စဉ်က တရားခံများနဲ့သက်သေပစ္စည်းများ

Photo – စစ်ကောင်စီ

ဆက်စပ် သတင်းများ

Most read