Homeပြည်တွင်းသတင်းကျောက်မဲရဲစခန်းအပါအဝင် ဌာန ၁၀ ခုထက်မနည်း သိမ်းဆည်းပြီး စခန်းမှူးကို အရှင်ဖမ်းမိ

ကျောက်မဲရဲစခန်းအပါအဝင် ဌာန ၁၀ ခုထက်မနည်း သိမ်းဆည်းပြီး စခန်းမှူးကို အရှင်ဖမ်းမိ

၂၆ ဇွန်၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကျောက်မဲမြို့မ ရဲစခန်းကို TNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ဒီနေ့ ဇွန်လ ၂၆ ရက်မနက်ပိုင်းမှာ သိမ်းပိုက်လိုက်နိုင်ပြီလို့ TNLAဘက်က သတင်းထုတ်ပြန်လိုက်ပါတယ်။

ဇွန်လ ၂၅ ရက်မှာ ကျောက်မဲမြို့နယ်ကို TNLA နဲ့ တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီရဲ့ ဌာနဆိုင်ရာ စသုံးလုံးရုံး ၊ စည်ပင်ရုံးအပါအဝင် အဆောက်အဦး ၁၀ ခုထက်မနည်းကို သိမ်းပိုက်ထားနိုင်ခဲ့တယ်လို့ ကျောက်မဲမြို့ ဒေသခံတွေ ပြောကြားချက်အရ သိရပါတယ်။

ဇွန်လ ၂၅ ရက် မနေ့က ကျောက်မဲမြို့နယ် ငြိမ်းချမ်းရေးကုန်း၊ စခန်းသာ၊ ခိုရောင်းရွာ၊ နားအိုက်ခန့်ရွာတွေမှာ စစ်ကောင်စီတပ်တွေနဲ့ တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က Jet Fighter နဲ့ ၂ ကြိမ် လာရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ ဒီနောက်မှာတော့ TNLA ဘက်က ကျောက်မဲမြို့ကို ဝင်ရောက်ပြီး ဌာနဆိုင်ရာ ရုံးတွေကိုပါ သိမ်းယူလိုက်တာ ဖြစ်ပါတယ်။

လက်ရှိ မနက် ၆ နာရီ ဝန်းကျင်က စစ်ကောင်စီ တပ်တွေနဲ့ TNLA တို့ဟာ ကျောက်မဲမြို့က စစ်ကောင်စီ အမြောက်တပ်ကုန်း ၃၅၂ ၊ အမြောက်တပ်ရင်း နဲ့ စခန်းသာတို့မှာတိုက်ပွဲ ဆက်ပြီး ဖြစ်ပွားနေပါတယ်။

မိုးကုတ်၊ နောင်ချို ၊ ကျောက်မဲ၊ သီပေါတို့မှာ စစ်ကောင်စီတပ်တွေနဲ့ TNLA တပ်တွေကြား ထိတွေ့တိုက်ပွဲတွေ ဇွန်လ ၂၅ ရက်ထဲက ဆက်တိုက်ဖြစ်ပွားနေပြီး ဒီနေ့ မနက် ၉ နာရီ ဝန်းကျင်မှာ မိုးကုတ် အနောက်ဘက် ၊ ဒေါ်နန်းကြည်တောင်ကို ဗဟိုပြုပြီး တိုက်ပွဲဖြစ်နေတယ်လို့ သိရပါတယ်။

လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေကြပြီး မနက် ၉ နာရီခွဲက ဒေါ်နန်းကြည်တောင်ကို စစ်ကောင်စီဘက်က တိုက်လေယာဉ်နဲ့ ဗုံး ၃ လုံး လာကျဲသွားတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read