Homeပြည်တွင်းသတင်းကော်သူးလေတပ်မတော်(KTLA) ဆာကဆောတပ်မဟာ လက်အောက်ခံ တပ်ဖွဲဝင်တွေ အရပ်သား တွေကို သတ်ဖြတ်မှုအပေါ် ထားဝယ်ခရိုင်သပိတ်ကော်မတီ ကန့်ကွက်ရှုတ်ချ

ကော်သူးလေတပ်မတော်(KTLA) ဆာကဆောတပ်မဟာ လက်အောက်ခံ တပ်ဖွဲဝင်တွေ အရပ်သား တွေကို သတ်ဖြတ်မှုအပေါ် ထားဝယ်ခရိုင်သပိတ်ကော်မတီ ကန့်ကွက်ရှုတ်ချ

၁၆ အောက်တိုဘာ၊၂၀၂၄

ကော်သူးလေတပ်မတော်(KTLA)၊ ဆာကဆောတပ်မဟာ လက်အောက်ခံ တပ်ဖွဲဝင်တွေရဲ့ အရပ်သားတွေ အပေါ် ရာဇဝတ်မှုကျူးလွန်မှုတွေနဲ့ ပတ်သက်လို့ ထားဝယ်ခရိုင် သပိတ်ကော်မတီက ကန့်ကွက်ရှုတ်ချတယ်လို့ အောက်တိုဘာ ၁၅ရက်က သတင်းထုတ် ပြန်ပါတယ်။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်း အခြေစိုက်လှုပ်ရှားတဲ့ ကော်သူးလေတပ်မတော်(KTLA)၊ ဆာကဆောတပ် မဟာ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေဟာ ဒေသခံပြည်သူတချို့ကို မတရားဖမ်းဆီးသတ်ဖြတ် မှုတွေ ကျူးလွန်နေတာကို စုံစမ်းသိရှိရတယ်လို့လည်း ဆိုပါတယ်။

၂၀၂၃ ဒီဇင်ဘာ ၁၈ရက်က ထားဝယ်ခရိုင်၊ ရေဖြူမြိုနယ်၊ ကလိန်အောင်မြို့နယ်ခွဲ၊ ကျောက်လုံးကြီး ကျေးရွာ ကနေ အလုပ်သွားဖို့ ထွက်လာတဲ့ ရွှေ့ပြောင်း ရွှေအလုပ်သမားသုံးဦးကို KTLAတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြောင်း၊ သတ်ဖြတ်ခံရသူ သုံးဦးမှာ အသက် ၅၂နှစ်အရွယ် ဦးကျော်အေး၊ အသက် ၃၈နှစ်အရွယ် ကိုလှမြင့်နဲ့အသက် ၂၂နှစ်အရွယ် ကိုကျော်ဇောလင်းတို့ ဖြစ်ကြပြီး ၎င်းတို့အား KTLA ၊ ဆာကဆောတပ်မဟာ၊ တပ်ရင်း (၂)၊ တပ်ခွဲ (၅)ရဲ့ တပ်ဖွဲဝင်တွေက ခိုင်လုံတဲ့ မည်သည့်သက်သေအထောက် အထားမှမရှိဘဲ စစ်ကောင်စီသတင်းပေးလို့ဆိုကာ ဖမ်းဆီးသတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ထားဝယ်ခရိုင် သပိတ် ကော်မတီက ပြောဆိုထားပါတယ်။

ဦးကျော်အေး၊ ကိုလှမြင့်နဲ့ကိုကျော်ဇောလင်းတို့ သုံးဦးမှာ မည်သည့်စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့နဲ့မှ ပတ်သက်မှုမရှိဘဲ သာမန်လက်လုပ်လက်စား အလုပ်သမားတွေသာဖြစ်တယ်ဆိုတာကို ရွာခံတွေနဲ့ ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲဝင်တချို့က အတည်ပြုထားတယ်လို့လည်း ဆိုပါတယ်။

သတ်ဖြတ်ခံရသူ သုံးဦးထဲမှ ကိုလှမြင့်ဆိုသူကို KTLA တပ်ဖွဲဝင်တွေက ရက်ရက်စက်စက် သတ်ဖြတ်နေတဲ့ ရုပ်သံ မှတ်တမ်းနဲ့ သတ်ဖြတ်မှုမှာ ကိုယ်တိုင်ကျူးလွန်ပါဝင်ခဲ့တဲ့ KTLA တပ်ဖွဲ့ဝင်တဦးမှ ဝန်ခံထွက်ဆိုထားတဲ့ ရုပ်သံမှတ်တမ်းတွေကိုလည်း ထားဝယ်ခရိုင် သပိတ်ကော်မတီက လက်ခံရရှိထားတယ်လို့ အသိပေး ထားပါတယ်။

ဆက်လက်ပြီး အောက်တိုဘာ ၂ ရက်တွင်လည်း ထားဝယ်မြို့ပေါ်ကနေ ထားဝယ်အရှေ့တောဒေသတွင် ခဲနဲ့ သံထည်ပစ္စည်းတွေဝယ်လာတဲ့ ဦးဆန်နီ၊ ဦးသန်းကြွယ်နဲ့ ဦးမြင့်လွင်တို့ သုံးဦးကို ထားဝယ်မြို့နယ်၊ ပကာရီ ကျေးရွာမှာ KTLA၊ ဆာကဆောတပ်မဟာ၊ တပ်ရင်း (၃) တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားခဲ့ပြီးနောက် ၎င်းတို့ ရုပ်အလောင်းတွေကို အောက်တိုဘာ ၈ရက်မှာ KTLAဆာကဆောတပ်မဟာ တပ်ရင်း(၃) စစ်ဆေးရေး ဂိတ် အနီးမှာ တွေ့ရတယ်လို့ ဖော်ပြပါရှိပါတယ်။

ဦးဆန်နီ၊ ဦးသန်းကြွယ်နဲ့ ဦးမြင့်လွင်တို့ သုံးဦးမှာလည်း သာမန်အရပ်သားတွေသာဖြစ်ပြီး KTLA တပ်ဖွဲ့ဝင် တွေရဲ့ ဖမ်းဆီးခြင်းခံရပြီးနောက် သတ်ဖြတ်ခံရတဲ့အပေါ် အဆိုပါ သတ်ဖြတ်မှုကို KTLA အနေနဲ့ တစုံတရာ တာဝန်ခံဖြေရှင်းမှု မရှိသေးဘူးလို့လည်း ဆိုပါတယ်။

အရပ်သားပြည်သူများအပေါ် ကျူးလွန်တဲ့ အထက်ပါ ရာဇဝတ်မှုနှစ်ခုအတွက် ကော်မတီ အနေနဲ့ အချက် အလက် အခိုင်အမာရရှိထားတဲ့ ကျူးလွန်မှုနှစ်ခုသာဖြစ်ပြီး အချက်အလက် အတည်မပြုနိုင် သေးတဲ့ တခြား ရာဇဝတ်မှုတွေကိုလည်း KTLA တပ်ဖွဲဝင်တချို့ ကျူးလွန်ထားတာကို စုံစမ်းသိရှိ ရကြောင်း၊ အရပ်သား ပြည်သူတွေအပေါ် လက်လွတ်စပယ် ဖမ်းဆီးသတ်ဖြတ် နေတဲ့ KTLA လက်အောက်ခံတပ်ဖွဲ့ဝင်တွေရဲ့ ယခုလို လုပ်ရပ်တွေအပေါ် အပြင်းအထန် ဆန့်ကျင် ကန့်ကွက်ရှုတ်ချတယ်လို့ ထားဝယ်ခရိုင် သပိတ်ကော်မတီက ထုတ်ပြန်ထားပါတယ်။

ကော်သူးလေတပ်မတော်(KTLA) ဌာနာချုပ် တာဝန်ရှိသူတွေနဲ့ ဆာကဆောတပ်မဟာ တာဝန်ရှိ သူတွေအနေနဲ့ လက်အောက်ခံတပ်ဖွဲ့ဝင်တွေရဲ့ ပြည်သူအပေါ် ရာဇဝတ်မှုကျူးလွန်နေမှုတွေကို မျက်လုံးအစုံမှိတ် လက်ပိုက် ကြည့်မနေဘဲ အချိန်မှီ တားဆီး၊ စစ်ဆေးအရေးယူကြဖို့လည်း တောင်းဆိုထားပါတယ်။

ညီနောင်တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း KTLAအပါအဝင် လက်နက်ကိုင်တပ်ဖွဲ့တိုင်းရဲ့ ပြည်သူတွေအပေါ် ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်တွေကို ဝိုင်းဝန်းထုတ်ဖော် ဆန့်ကျင်သွားဖို့ ထားဝယ်ခရိုင် သပိတ်ကော်မတီက တိုက်တွန်းထားပါတယ်။

Photo -ထားဝယ်ခရိုင် သပိတ်ကော်မတီ

ဆက်စပ် သတင်းများ

Most read