၂၅ စက်တင်ဘာ၊ ၂၀၂၄
စက်တင်ဘာလ ၂၄ ရက်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပခဲ့တဲ့ ကုလလူ့အခွင့်အရေးကောင်စီရဲ့ ၅၇ ကြိမ်မြောက်အစည်းအဝေးမှာ OHCHR ရဲ့ အစီရင်ခံစာအပေါ် Deputy High Commissioner Ms. Nada Al-Nashif ရဲ့ ဆွေးနွေးမှုကို မြန်မာပြည်သူတွေကိုယ်စား ထောက်ခံကြိုဆိုတယ်လို့ NUG ရဲ့ လူ့အခွင့်အရေး ဝန်ကြီး ဌာနက ထုတ်ပြန်ပါတယ်။
ဆွေးနွေးပွဲမှာ Ms.Nada Al-Nashif က “မြန်မာနိုင်ငံကပြည်သူတွေဟာ ဆင်းရဲဒုက္ခတွင်းမှာ ဆက်ပြီး နစ်မြုပ်နေတယ်”လို့ ဆိုပါတယ်။
စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို OHCHR က စာရင်းပြုစုထား ကြောင်း၊ ယာဂီမုန်တိုင်းအပြီးမှာတောင် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ စစ်ကောင်စီက ပိတ်ပင်တား မြစ်တာတွေကို ရှိနေကြောင်း၊ စစ်မှုထမ်း ဥပဒေ အတွက် မြန်မာလူငယ်များကို အတင်းအကြပ်ဖမ်းဆီးပြီး စေခိုင်းနေကြောင်းနဲ့ အမျိုးသမီးတွေနဲ့ LBGTI တွေအပေါ် မတရားဖမ်းဆီးတာ၊ နှိပ်စက်ညှဉ်းပန်းတာ ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေလည်း လုပ်ဆောင်နေကြောင်း ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။
OHCHR ရဲ့ မြန်မာနိုင်ငံဆိုင်ရာ နောက်ဆုံးအစီရင်ခံချက် (A/HRC/57/56) မှာ ဒီလို ရာဇ၀တ်မှုတွေကို အသေးစိတ် ဖော်ထုတ်ထားပြီး မောင်တောမြို့နယ်နဲ့ အနီးတစ်ဝိုက်ဒေသတွေက ထိတ်လန့်ဖွယ်သတင်း တွေအကြောင်း ဖော်ပြထားပါတယ်။
ရိုဟင်ဂျာ၊ ရခိုင်နဲ့ အခြားလူနည်းစုအသိုင်းအဝိုင်းတွေအပေါ် စစ်ကောင်စီက ရက်စက်ကြမ်းကြုတ်မှုအသစ်တွေ လုပ်လာနိုင်တယ်လို့ အစီရင်ခံစာမှာ သတိပေးထားပါတယ်။ Ms. Al-Nashif က စစ်အစိုးရကို ကူညီပံ့ပိုးမှုတွေ ဆက်မလုပ်ဖို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့ အာဆီယံအဖွဲ့ဝင်တွေကို တောင်းဆိုလိုက်ပါတယ်။ ဒီလို တောင်းဆိုတာကို NUG က ကြိုဆိုထောက်ခံခဲ့ပါတယ်။
မြန်မာနိုင်ငံလုံခြုံရေးအခြေအနေတွေကို ICC ကို လွှဲပြောင်းပြီး ICJ နဲ့အတူ တရားမျှတမှုရဖို့ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ NUG က ဆိုပါတယ်။
OHCHR၊ IIMM ၊ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တို့နဲ့အတူ လူ့အခွင့်အရေးအခြေအနေတွေကို စောင့်ကြည့် အစီရင်ခံသွားပြီး မြန်မာနိုင်ငံကို လာရောက်စုံစမ်းနိုင်အောင် ဆက်ပြီး လုပ်ဆောင်သွားမယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ဆိုပါတယ်။
ကမ္ဘာ့နိုင်ငံတွေကို မြန်မာ့အရေး ပိုပြီး အာရုံစိုက်ဖို့ တွန်းအားပေးခဲ့တဲ့ ကုလလူအခွင့်အရေး ကောင်စီရဲ့ မဟာမင်း ကြီး Turk ၊ ဒုတိယမဟာမင်းကြီး Al- Nashif နဲ့ OHCHR မြန်မာအဖွဲ့တို့ကို ကျေးဇူးတင်တယ်လို့ NUG က ပြောဆိုပါတယ်။
ပုံစာ – စက်တင်ဘာ ၂၄ က ၅၇ ကြိမ်မြောက်ကုလလူ့အခွင့်အရေးကောင်စီမှာ Ms. Nada Al Nashif မြန်မာ့အရေး ဆွေးနွေးစဉ်
Photo – Screengrab from UNOG newsroom