Homeပြည်တွင်းသတင်းကိုးကန့်တပ်အရာရှိတွေနဲ့ ဌာနဆိုင်ရာတွေကို အာဆီယံ၊ အမေရိကန်နဲ့ အနောက်နိုင်ငံတွေကို ခရီးမသွားဖို့အပါအဝင် စည်းကမ်းချက်အသစ်တွေ MNDAA ထုတ်ပြန်

ကိုးကန့်တပ်အရာရှိတွေနဲ့ ဌာနဆိုင်ရာတွေကို အာဆီယံ၊ အမေရိကန်နဲ့ အနောက်နိုင်ငံတွေကို ခရီးမသွားဖို့အပါအဝင် စည်းကမ်းချက်အသစ်တွေ MNDAA ထုတ်ပြန်

၁၁ အောက်တိုဘာ၊ ၂၀၂၄

နိုင်ငံရေးအခြေအနေတွေ ရှုပ်ထွေးနေပြီး ကိုးကန့်တပ်(MNDAA)ကို ပြည်ပအင်အားစုတွေက အတင်းအကြပ်အသုံးမပြုနိုင်ဖို့ ၊ မလိုလားအပ်တဲ့ အငြင်းပွားမှုတွေ မဖြစ်စေဖို့ တပ်အရာရှိတွေ အနေနဲ့ အာဆီယံ၊ အမေရိကန်နဲ့ အနောက်နိုင်ငံတွေကို ခရီးမသွားဖို့ အပါအဝင် စည်းကမ်းချက်အသစ်တွေ ထုတ်ပြန်လိုက်ပါတယ်။

အောက်တိုဘာလ ၉ ရက် ရက်စွဲနဲ့ ကိုးကန့်တပ်နဲ့ဆက်စပ်နေသူတွေအနေနဲ့ အာဆီယံ၊အမေရိကန်နဲ့ အနောက်နိုင်ငံတွေကို ခရီးမသွားဖို့၊ မြန်မာနိုင်ငံအရေးနဲ့ပတ်သတ်နေတဲ့ နိုင်ငံတကာညီလာခံတွေ မတက်ဖို့၊ နိုင်ငံခြားသတင်းဌာနတွေရဲ့ အင်တာဗျူးမဖြေဖို့နဲ့ ရပ်တည်ချက် သဘောထားဖော်ပြတာတွေ မလုပ်ဖို့ MNDAA က တရားဝင် စည်းကမ်းချက် ထုတ်ပြန်ပါတယ်။

၂၀၂၄ ခုနှစ်အတွင်းမှာ ဘယ်နိုင်ငံခြားမီဒီယာတွေရဲ့ အင်တာဗျူးကိုမှ လက်ခံမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ တပ်က ခွင့်ပြုချက်မရဘဲ မြန်မာနိုင်ငံအခြေနေအပေါ် ပုဂ္ဂလိကအမည်၊ အဖွဲ့အစည်းအမည်နဲ့ ရပ်တည်ချက်၊ သဘောထားဖော်ပြတာတွေကိုလည်း တားမြစ်တယ်လို့ ဆိုပါတယ်။ စည်းကမ်းဖောက်ဖျက်သူတွေကို အခြေအနေနဲ့ အကျိုးဆက်ပေါ် မူတည်ပြီး သက်ဆိုင်ရာက အ‌ရေးယူမယ်လို့ ဖော်ပြထားပါတယ်။

ကိုးကန့်တပ်MNDAA နဲ့ ပတ်သတ်ပြီး တရုတ်အထူးကိုယ်စားလှယ် တိန့်ရွှီကျွင်းနဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ အစည်းအဝေးမှတ်တမ်း ထွက်ပေါ်လာပြီးနောက်မှာ ဒီလိုစည်းကမ်းတွေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။အစည်းအဝေးမှတ်တမ်းတွေအရ တရုတ်ဟာ သူနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ MNDAA၊ TNLA ၊ UWSA တို့ကို အမေရိကန်နဲ့အဆက်အသွယ်ရှိမှာကို စိုးရိမ်ပူပန်ပြီး စစ်ဆေးမေးမြန်းခဲ့တာကို တွေ့ရပါတယ်။

Photo – MNDAA

ဆက်စပ် သတင်းများ

Most read