Homeပြည်တွင်းသတင်းကိုးကန့်တပ်တွေ ထိန်းချုပ်ထားတဲ့ လောက်ကိုင်နယ်မြေကို စစ်ကောင်စီ လေကြောင်းက ဗုံးကျဲ

ကိုးကန့်တပ်တွေ ထိန်းချုပ်ထားတဲ့ လောက်ကိုင်နယ်မြေကို စစ်ကောင်စီ လေကြောင်းက ဗုံးကျဲ

၁၅ ဇူလိုင်၊ ၂၀၂၄

ကိုးကန့်တပ်မတော် (MNDAA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့ကို ဒီနေ့ ဇူလိုင်လ ၁၄ ရက် မနက် ၂ နာရီအချိန် မိုးမလင်းခင် စစ်ကောင်စီက လေကြောင်းက ဗုံးကျဲ တိုက်ခိုက်လိုက်ပါတယ်။

စစ်ကောင်စီဟာ လောက်ကိုင်မြို့လယ်က ဖူလီလိုက်ဟိုတယ်နဲ့ ဟွမ်ကျားလိဟွာဟိုတယ်တို့ကို ပစ်မှတ်ထားတိုက်ခိုက်တာ ဖြစ်ပါတယ်။ ဒီဟိုတယ်တွေမှာ TNLA နဲ့ MNDAA ခေါင်းဆောင်တွေ တည်းခိုတဲ့အတွက်တိုက်ခိုက်တာ ဖြစ်နိုင်တယ်လို့ ပြောဆိုနေကြပေမယ့် အတည်ပြုနိုင်ခြင်း မရှိသေးပါ။

လူနေရပ်ကွက်တွေထဲကို နှစ်ကြိမ်တိုင်တိုင် ဗုံးကျဲကာ စက်သေနတ်နဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပြီး အဆောက်အအုံတွေ ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာတော့ လောက်ကိုင်ကို ဗုံးကျဲတိုက်ခိုက်ဖို့ အခုရက်ပိုင်းရေးသားလှုံ့ဆော်နေကြပါတယ်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ အတွင်းမှာ ချုပ်ဆိုထားတဲ့ ဟိုင်ဂင် အပစ်အခတ် ယာယီရပ်စဲရေး သဘောတူညီချက်စာချုပ်အရ စစ်ကောင်စီက ညီနောင်မဟာမိတ်အဖွဲ့များ သိမ်းထားတဲ့ မြို့တွေကို လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ မလုပ်ဆောင်ရန် သဘောတူထားခဲ့ပါတယ်။ ဇွန်လလယ်မှာ စစ်ကောင်စီဘက်က စတင်ပြီး TNLA သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ဒရုန်းနဲ့ ဗုံးကျဲတာကစပြီး ဇွန်လ ၂၅ ရက်မှာ စတင်ပြီး ရှမ်းမြောက်က နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်၊ မိုးကုတ်၊ လားရှိုးမြို့များမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲတွေ ပြန်စတင်လာတာပဲ ဖြစ်ပါတယ်။

လောက်ကိုင်မြို့မှာ တိုက်ပွဲတွေ ဖြစ်လာနိုင်တဲ့အတွက် ဇူလိုင်လ ၃ ရက်ထဲက ကိုးကန့်တပ်မတော်(MNDAA)က စာသင်ကျောင်းများကို လုံခြုံရေးအခြေအနေအရ ပိတ်ဖို့ ညွှန်ကြားချက်ထုတ်ထားပါတယ်။

ဆက်စပ် သတင်းများ

Most read