ဇာတ်စင်ပေါ်မှာ ကလေးငယ်ကို မဖွယ်မရာ ပြုမူခဲ့တဲ့ ဇာတ်သဘင်အဖွဲ့နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံသဘင်အစည်းအရုံးက ဇန်နဝါရီ ၂၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ထုတ်ပြန်ချက်မှာ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုနဲ့ တိုင်ကြားစာတွေကို လက်ခံရရှိထားပြီး ဇာတ်သဘင်အဖွဲ့တဖွဲ့က နှစ်ပါးသွားအစီအစဉ် ဖျော်ဖြေနေစဉ် ပရိသတ်အတွင်းက ကလေးငယ်တဦးကို ဇာတ်စင်ပေါ်ကို ခေါ်ယူကာ ကလေးငယ်ရဲ့ ဂုဏ်သိက္ခာနဲ့စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေနိုင်တဲ့ မသင့်လျော်သော အပြုအမူတွေပြုမှုခဲ့တယ်လို့ ဆိုထားပါတယ်။
အဲ့ဒီ ဖြစ်စဉ်အပေါ် မြန်မာနိုင်ငံသဘင်အစည်းအရုံးက စိတ်မကောင်းဖြစ်ကြောင်း ဖော်ပြထားပြီး လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်နိုင်ဖို့ စုံစမ်းစစ်ဆေးနေကြောင်း၊ နောက်ဆက်တွဲ အခြေအနေတွေကို ဆက်လက် ထုတ်ပြန်သွားမယ်လို့ ထုတ်ပြန်ပါတယ်။
သဘင်အစည်းအရုံး ထုတ်ပြန်ချက်မှာ ပါဝင်ပတ်သက်တဲ့ ဇာတ်သဘင်အဖွဲ့အမည်ကို တိတိကျကျ ဖော်ပြထားခြင်း မရှိပေမယ့် လူမှုကွန်ရက်စာမျက်နှာတွေမှာတာ့ “အောင်ဇဗ္ဗူ” ဇာတ်အဖွဲ့ဟာ ကလေးငယ်တဦးကို စင်ပေါ်ခေါ်ပြီး ကလေးသူငယ်လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာတဲ့ ရုပ်သံတွေအရ အောင်ဇဗ္ဗူဇာတ်အဖွဲ့ရဲ့ လူရွှင်တော်ဆိုသူတွေက ဇာတ်စင်ပေါ်မှာ ဖျော်ဖြေနေတုန်း ကလေးငယ်တဦးကို ချီပွေ့ကာ ကလေးငယ်ရဲ့ ဘောင်းဘီကိုလှန်ပြီး ဟာသလုပ်နေခဲ့တာပါ။
နောက်ထပ် ရုပ်သံဖိုင်တခုမှာလည်း အိပ်ပေါ်နေတဲ့ ကလေးငယ်တဦးကို ဇာတ်စင်ပေါ်ခေါ်ပြီး ယောက်ကျားလေးလား မိန်းကလေးလား ဆိုပြီး ဘောင်းဘီလှန်ကြည့်တာကို ဟာသလုပ်နေခဲ့ကြတာဖြစ်ပါတယ်။
ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးလှုပ်ရှားသူတွေကတော့ဒါဟာ ကလေးသူငယ်လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြစ်တာကြောင့် ပြင်းပြင်းထန်ထန်အရေးယူပေးဖို့ ပြောဆိုနေကြပါတယ်။


