Homeပြည်တွင်းသတင်းကရင်အမျိုးသားအစည်းအရုံး (KNU) ဒုဥက္ကဌဟောင်း ပဒိုနော်စီဖိုးရာစိန် ထိုင်းမြန်မာနယ်စပ် နေအိမ်မှာ ကွယ်လွန်

ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုဥက္ကဌဟောင်း ပဒိုနော်စီဖိုးရာစိန် ထိုင်းမြန်မာနယ်စပ် နေအိမ်မှာ ကွယ်လွန်

၂၅ ဇူလိုင်၊ ၂၀၂၄

ကရင်အမျိုးသားအစည်းအရုံး KNU ဒုဥက္ကဌဟောင်း၊ ကရင်အမျိုးသမီးအစည်းအရုံး ခေါင်းဆောင်ဟောင်း နဲ့ လက်ရှိအကြံပေးပုဂ္ဂိုလ်ဖြစ်တဲ့ ပဒိုနော်စီဖိုးရာစိန်ဟာ ထိုင်း-မြန်မာနယ်စပ်က နေအိမ်မှာ ဇူလိုင် ၂၄ ရက်၊ မွန်းလွဲ ၂ နာရီ ၂၂ မိနစ်မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၆၉ နှစ်ရှိပြီ ဖြစ်ပါတယ်။ ပဒိုနော်စီဖိုးရာစိန်ဟာ ကေအဲန်ယူဥက္ကဌဟောင်းဖြစ်သူ ဗိုလ်ချုပ်ကြီး စောတာမလာဘောရဲ့ သားသမီး ၈ ဦးထဲက၄ ဦးမြောက် သမီးဖြစ်ပြီး ကရင်တော်လှန်ရေးမှာ တာဝန်မျိုးစုံ ယူခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

ကေအဲန်ယူရဲ့ ၁၄ ကြိမ်မြောက်ကွန်ဂရက်မှာ အထွေထွေအတွင်းရေးမှူးချုပ် တာဝန်ပေး ခံခဲ့ရပြီး ၁၅ ကြိမ်မြောက် ကွန်ဂရက်မှာ ကေအဲန်ယူရဲ့ ဒုဥက္ကဌအဖြစ် တာဝန်ပေးအပ်ခံရပါတယ်။

၂၀၁၂ ဧပြီလအတွင်း ပဒိုနော်စီဖိုးရာစိန် အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ယူထားတဲ့အချိန်မှာ ကေအဲန်ယူ အပစ်ရပ်ဆွေးနွေး ရေးအဖွဲ့ကို ဦးဆောင်ပြီး ပြည်ထောင်စု အဆင့်အပစ်ရပ် သဘော တူညီမှု ရခဲ့ပါတယ်။

ကေအဲန်ယူ ဒုဥက္ကဌ တာဝန်ထမ်းဆောင်နေတဲ့အချိန်မှာ NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ဦးခွန်ထွန်းဦး၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ တွေနဲ့တွေ့ပြီး ပြည်တွင်းငြိမ်းချမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ အရေး ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။

ပဒိုနော်စီဖိုးရာစိန်ဟာ ကျောင်းဆရာမအဖြစ်လုပ်ကိုင်ဖူးသလို အမျိုးသမီးအခွင့်အရေးတက်ကြွလှုပ်ရှား သူတစ်ဦးလည်း ဖြစ်ပါတယ်။

Photo-KIC

ဆက်စပ် သတင်းများ

Most read