စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ သူတို့ရဲ့လက်အောက်ခံ ဗျူစောထီးအဖွဲ့တွေဟာ ကန့်ဘလူမြို့နယ် ဇီးကုန်းတိုက်နယ် အတွင်းမှာရှိတဲ့ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်လာပြီးတဲ့နောက် ကျေးရွာအတွင်းမှာရှိတဲ့ ဆွံ့အ ပြည်သူတစ်ဦးနဲ့ အခြားပြည်သူ ၉ ဦးကို ညှင်းပမ်းနှိပ်စက်ကာ လည်လှီးသတ်ဖြတ်ခဲ့တယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ကနေ သိရပါတယ်။
ဒီလိုလုပ်ဆောင်ခဲ့တာတွေဟာ အခု ဇွန်၂၃ ရက်ကနေ ၂၅ ရက်နေ့အတွင်း စစ်ကြောင်းထိုး ဝင်ရောက် လုပ်ဆောင်ခဲ့ တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒေသခံပြည်သူတွေနဲ့နေအိမ်တွေကို မီးရှို့ဖျက်စီးတာတွေ၊ ကျေးရွာအတွင်းမှာရှိတဲ့ ပြည်သူတွေ ကိုဖမ်းဆီးတာ ၊ ပြည်သူပိုင် တန်ဖိုးကြီးပစ္စည်းတွေခိုးယူတာတွေကို သုံးရက် ဆက်တိုက် ပြုလုပ်ခဲ့တယ် လိုဆိုပါတယ်။
သတ်ဖြတ်ခံရတဲ့ သူတွေဟာ သပြေသာရွာက အသက်၅၀ အရွယ် ဦးလှိုင်းဇာဇာ ၊ အသက် ၄၅နှစ်အရွယ် ဦးအောင်နိုင်နဲ့ ဦးတရုတ်ကြီး၊ အသက် ၃၄ နှစ်အရွယ် ကိုမျိုးထက် ၊ ဖိုလ်ကုန်းရွာက အသက် ၅၃ နစ်အရွယ် ဦးဝင်း၊ အသက် ၆၀ နှစ်အရွယ် ဦးချစ်ဝင်း၊ ကျောင်းကုန်းကျေးရွာက အသက် ၃၇နှစ်အရွယ် ကိုသိန်းတိုး၊ အသက် ၄၅ နှစ်အရွယ် ဦးမြင့်မောင်နဲ့ ဦးမျိုးဆန်းတို့ ဖြစ်တယ်လိုဆိုပါတယ်။
အဲဒါအပြင် အခြားဒေသခံပြည်သူတစ်ဦးကိုလည်း မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုပါတယ်။
“စစ်ကြောင်းထွက်လို့ ဝင်ကြည့်တော့ ဖမ်းခံရတဲ့ ပြည်သူတွေက အကုန်သတ်ခံထားရတာ ၃ ရက်ရှိပြီဆိုတော့ တချို့အလောင်းက အကောင်တွေကျနေပြီ၊သတ်တာကလည်း ရက်ရက်စက်စက်ပဲ လက်ပြန်ကြိုးတုပ်ထားပြီး တကိုယ်လုံးဓားတွေနဲ့ ထိုးထားမွှန်းထားတာတွေ၊အဲ့ထဲမှာ သပြေသာရွာက ဦးလှိုင်းဇာဇာ ဆိုတာ စကားမပြော တတ်ဘူးဗျာ၊သူ့လဲ သတ်သွားတာပဲ၊တစ်ယောက်ဆိုရင် မီးရှို့ထားတာအလောင်းက အကုန်မလောင်သေးဘူး သတ်ပြီး မှမီးရှို့ခံရတာဖြစ်ပါစေပဲ ဆုတောင်းနေမိတယ် အရှင်လတ်လတ်မီးရှို့ခံရတာဆိုရင် ဘယ်လောက်များ ခံစားရမလဲ တွေးတောင်မတွေးဝံ့ဘူး၊မီးရှို့ခံရတာလဲ ၂ ရွာပေါင်းအိမ်ခြေအတော်များတယ် အခုထိ ပျက်စီးအတိ အကျ အသိရသေးဘူး”လို့ မြေပြင်နီးစပ်သူတစ်ဦးရဲ့ပြောဆိုမှုအပေါ် ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုပါတယ်။
စစ်ကောင်ရဲ့ကျေးရွာတွေအပေါ် စစ်ကြောင်းထိုးဝင်ရောက်သတ်ဖြတ်တာတွေကြောင့် သပြေသာ၊ကျောင်းကုန်းနဲ့ အနီးအနားမှာရှိတဲ့ကျေးရွာတွေကဒေသခံ ပြည်သူ ၈,၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ဓာတ်ပုံ-ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့


