Homeပြည်တွင်းသတင်းကချင်ပါတီနဲ့ရိုဟင်ဂျာပါတီ မှတ်ပုံတင်ခွင့်တွေကို ပယ်ချတဲ့အတွက် ရွေးကောက်ပွဲအတွက် စစ်ကောင်စီ ဝင်ပြိုင်ခွင့်မပေးတဲ့ ပါတီ ၆ ခုထိ ရှိလာ

ကချင်ပါတီနဲ့ရိုဟင်ဂျာပါတီ မှတ်ပုံတင်ခွင့်တွေကို ပယ်ချတဲ့အတွက် ရွေးကောက်ပွဲအတွက် စစ်ကောင်စီ ဝင်ပြိုင်ခွင့်မပေးတဲ့ ပါတီ ၆ ခုထိ ရှိလာ

၉ ဇူလိုင်၊ ၂၀၂၄

ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) နဲ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ (DHRP) တို့ရဲ့ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားချက်တွေကို စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ငြင်းပယ်လိုက်တယ်လို့ ဇူလိုင် ၉ ရက် ဒီနေ့မှာ စစ်ကောင်စီလက်အောက်ခံ သတင်းမီဒီယာတွေကနေ ထုတ်ပြန်ကြေညာပါတယ်။

ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) နဲ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ (DHRP) တို့ကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ရဲ့ ပုဒ်မ-၅ နဲ့ ပုဒ်မ-၆ မှာ ပါဝင်နေတဲ့ ပြဌာန်းချက်တွေနဲ့ မညီညွတ်ဘူးလို့ ရွေးကောက်ပွဲကော်မရှင်က အကြောင်းပြပါတယ်။

ပုဒ်မ-၅ မှာ ပါတီတည်ထောင်ရတဲ့ မူဝါဒနဲ့ ရည်ရွယ်ချက်၊ ပါတီအမှတ်တံဆိပ်အလံတွေနဲ့ ပါတီစည်းမျဉ်းဖွဲ့စည်းပုံတွေကို တိတိကျကျ တင်ပြရမယ်လို့ ဖော်ပြထားပါတယ်။

ပုဒ်မ-၆ မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရေး၊ ပြည်ထောင်စု မပြိုကွဲရေး၊ လူမျိုးရေးပဋိပက္ခဖြစ်စေမဲ့ ဟောပြော စည်းရုံးလှုံဆော်မှုတွေ မပြုလုပ်ရေး ဆိုပြီး ဖော်ပြပါတယ်။

ကချင်အမျိုးသားကွန်ဂရက်ပါတီ(KNC) ဥက္ကဋ္ဌ ဒေါက်တာ အမ်ကောန်လဟာ စစ်တပ်အာဏာသိမ်းပြီးနောက်မှာ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေအကြောင်း လူမှုကွန်ရက်မှာ ဝေဖန်ရေးသားခဲ့တာကြောင့် ၂၀၂၁ ခုနှစ် ဩဂုတ်လမှာ စစ်ကောင်စီက ဖမ်းဆီးပြီး နိုင်ငံရေးပုဒ်မဖြစ်တဲ့ ရာဇသတ်ကြီးပုဒ်မ-၅၀၅-က နဲ့ ထောင်နှစ်နှစ် ချမှတ်ခဲ့ပါတယ်။

ရိုဟင်ဂျာပါတီလို့ခေါ်ကြတဲ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ DHRP ပါတီကို ဦးကျော်မင်း ဦးဆောင်တဲ့ ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေက ၁၉၈၉ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး၊ ၁၉၉၀ ရွေးကောက်ပွဲမှာ လေးနေရာ အနိုင်ရခဲ့ပေမယ့် ၁၉၉၁ ခုနှစ်မှာ ဖျက်သိမ်းခံခဲ့ရပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ မှတ်ပုံပြန်တင်နိုင်ခဲ့သလို၊ အခုတစ်ခါ ပါတီ တည်ထောင်ခွင့် ထပ်လျှောက်ခဲ့တာ ဖြစ်ပါတယ်။

မှတ်ပုံတင်ခွင့် ငြင်းပယ်ခံထားရတဲ့ နိုင်ငံရေးပါတီနှစ်ခုဟာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေအဖြစ် မှတ်ပုံတင်ထားခဲ့တဲ့ ပါတီတွေ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ မကြာသေးမီကလည်း ရခိုင်အမျိုးသားပါတီအပါအဝင် နိုင်ငံရေးပါတီလေးခုကို မှတ်ပုံတင်ခွင့် ငြင်းပယ်ထားတာကြောင့် စုစုပေါင်း ပါတီမှတ်ပုံတင်ခွင့်မပေးတဲ့ နိုင်ငံရေးပါတီ ၆ ခုအထိ ရှိပြီ ဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read