Homeပြည်တွင်းသတင်းYoma Group သူဌေး ဦးသိမ်းဝေနဲ့ ဒါရိုက်တာ ၈ ဦးကို စစ်ကောင်စီ ဖမ်းဆီးထားကြောင်း သတင်းများထွက်နေ

Yoma Group သူဌေး ဦးသိမ်းဝေနဲ့ ဒါရိုက်တာ ၈ ဦးကို စစ်ကောင်စီ ဖမ်းဆီးထားကြောင်း သတင်းများထွက်နေ

၄ ဇွန်၊ ၂၀၂၄

ဇွန်လ ၃ ရက်နေ့က ထိုင်းနိုင်ငံမှာ ကွန်ဒိုတိုက်ခန်းများ ရောင်းချသူ ဝယ်ယူသူ ၅ ဦးကို ဖမ်းဆီးအရေးယူပြီး နောက်မှာ ရိုးမဘဏ်နဲ့ ရိုးမလုပ်ငန်းစုသူဌေး ဦးသိမ်းဝေခေါ် Serge Pun နဲ့ သူ့လက်အောက် Yoma Land နဲ့ ရိုးမဘဏ်က ဒါရိုက်တာ ၈ ဦးလည်း ဖမ်းဆီး စစ်ဆေးခံနေရတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က အိမ်ခြံမြေစီမံကိန်း ၄ ခုက ကွန်ဒိုတိုက်ခန်းတွေကို မြန်မာနိုင်ငံသားတွေ ဝယ်ယူချင်ရင် ရိုးမဘဏ်နဲ့ ချိတ်ဆက်ပြီး ၂၅ နှစ် အရစ်ကျငွေသွင်းစနစ်နဲ့ ဝယ်ယူလို့ရအောင် ဦးသိမ်းဝေ ပိုင်ဆိုင်ထားတဲ့ Yoma Land ကုမ္ပဏီက ဝန်ဆောင်မှုပေးခဲ့တဲ့အတွက် စစ်ကောင်စီက ခေါ်ယူစစ်ဆေး တာဖြစ်တယ်လို့ သိရပါတယ်။

ဦးသိမ်းဝေပိုင်ဆိုင်တဲ့ ရိုးမလုပ်ငန်းစုကတော့ Yoma Group နဲ့ လက်အောက်ခံလုပ်ငန်းခွဲတွေဟာ ထိုင်းနိုင်ငံက အိမ်ခြံမြေတွေ ရောင်းချမှုတွေမှာ ပါဝင်ပတ်သက်တာမျိုးမရှိဘူးလို့ တုံ့ပြန်ထားတယ်လို့ သိရပါတယ်။

ဦးသိမ်းဝေရဲ့ Yoma Group ဟာ မြန်မာနိုင်ငံမှာ အိမ်ခြံမြေလုပ်ငန်း၊ ရိုးမဘဏ်၊ ဒီဂျစ်တယ်ငွေပေးချေမှု လုပ်ငန်းဖြစ်တဲ့ Wave Money၊ ပန်းလှိုင်ဆေးရုံ၊ Star City အိမ်ရာစီမံကိန်း၊ အစားအသောက်လုပ်ငန်း တွေဖြစ်တဲ့ KFC နဲ့ YKKO စတဲ့ လုပ်ငန်းတွေကို ပိုင်ဆိုင်ထားပြီး သူ့ရဲ့ FMI ကုမ္ပဏီဟာ ရန်ကုန်စတော့ အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။

အသက် ၇၀ ရှိပြီဖြစ်တဲ့ ဦးသိမ်းဝေဟာ စစ်ကောင်စီက သီရိပျံချီဘွဲ့ ပေးအပ်ချီးမြှင့်ခံထားရသူဖြစ်ပါတယ်။ သူပိုင်ဆိုင်တဲ့ ရိုးမဘဏ်ဟာ စစ်ကောင်စီက ရောင်းချတဲ့ ကျပ်ငွေသန်းပေါင်းများစွာ တန်ကြေးရှိသည့် ငွေတိုက်စာချုပ်တွေကို ဝယ်ယူပေးပြီး စစ်ကောင်စီကို ကူညီနေတဲ့ ပုဂ္ဂလိကဘဏ်ဖြစ်ပါတယ်။

၂၀၂၃ ဇူလိုင်လက PDF တွေကို ပုတ်ခတ်ထားတဲ့သူ့ရဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ဖူးပါတယ်။

ဒီရုပ်သံဖိုင်ထဲမှာ သူက “ဒီလူတွေ (PDF တွေ) နေပြည်တော်ကို သွားသိမ်းဖို့ အဆင့်ရှိလား။ ဟာ မရှိဘူး။ နေပြည်တော်ကို စိတ်မဝင်စားဘူး။ အဲတော့ စိတ်ကျေနပ်ပြီ။ နေပြည်တော်ကို စိတ်မဝင်စားရင် တိုက်စရာ မရှိဘူး။ မင်းဒေသမှာ မင်းတိုက်ပေါ့။ လူတိုင်းက နေပြည်တော်ကို မက်နေပြီဆိုရင်တော့ ငါတို့က နည်းနည်း ဒုက္ခရောက်မှာ” လို့ ပြောဆိုထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စီးပွားရေးပြိုကျပြီး ငွေကြေးဖောင်းပွမှု အဆမတန်မြင့်တက်လာတဲ့ အတွက် ကျပ်ငွေတန်ဖိုးကျပြီး အိမ်ခြံမြေ၊ ရွှေနှင့် ဒေါ်လာစျေးကွက်တွေမှာ ရင်းနှီးမြှုပ်နှံသူများလာသလို ထိုင်းနိုင်ငံကကွန်ဒိုအခန်းတွေကိုလည်း မြန်မာနိုင်ငံသားတွေဝယ်ယူမှု မြင့်တက်လာပါတယ်။

လက်ရှိ ထိုင်းနိုင်ငံမှာ ကွန်ဒိုတိုက်ခန်း ဝယ်ယူတဲ့နိုင်ငံခြားသားတွေထဲမှာ မြန်မာနိုင်ငံက တရုတ်နိုင်ငံပြီးလျှင် ဝယ်ယူမှုပမာဏ ဒုတိယအများဆုံးဖြစ်လာပြီး ၂၀၂၄ ခုနှစ် ပထမ သုံးလပတ်ထဲမှာ ဝယ်ယူမှုက ထိုင်းဘတ် ငွေ ၂ ဘီလျံ (အမေရိကန်ဒေါ်လာ သန်း ၆၀) ကျော်ဖိုးအထိရှိတယ်လို့ ထိုင်းနိုင်ငံ အိမ်ခြံမြေသတင်း အချက်အလက်စင်တာ REIC က ဖော်ပြထားပါတယ်။

စစ်ကောင်စီကတော့ ဗဟိုဘဏ် ခွင့်ပြုချက်မရဘဲ နိုင်ငံခြားဘဏ်တွေမှာ ငွေစာရင်းဖွင့်ပြီး အိမ်ခြံမြေ ကွန်ဒိုတိုက်ခန်း ဝယ်ယူသူနဲ့ ရောင်းချသူတွေကို ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ဇွန်လ ၃ ရက် ညပိုင်းမှာ စစ်ကောင်စီ ဝါဒဖြန့် သတင်းဌာနတွေကနေ ကြေညာသွားပါတယ်။

ဆက်စပ် သတင်းများ

Most read