ရန်ကုန်မြို့ အင်းစိန်မြို့နယ် အောက်မင်္ဂလာဒုံလမ်းပေါ် မှာရှိတဲ့ အောင်ဆန်းစျေးအကျော်မှာ YBS 77 လိုင်းက ယာဥ်တစ်စီးနဲ့ ကြားကားအဖြစ် ပြေးဆွဲနေတဲ့ Bongo အမျိုးအစားယာဉ်တို့ မနေ့က ဇူလိုင် ၁၆ ရက်နေ့ ည ၈ နာရီကျော်အချိန်မှာ တိုက်မိခဲ့တာကြောင့် ယာဉ်ပေါ်မှာပါတဲ့ခရီးသည် ၁၆ ဦး ဒဏ်ရာရရှိခဲ့တဲ့အနက် ၃ ဦးဟာ စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ အင်းစိန်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ထံကနေ သိရပါတယ်။
“သုံးဦးကတော့ စိုးရိမ်ရတဲ့အနေအထားပါ။ လက်ရှိတော့ အင်းစိန်ဆေးရုံမှာပါဘဲ”လို့ဖြစ်စဉ်မှာ ကူညီပေးခဲ့တဲ့ လူမှုကူညီရေး အသင်းဝင်တဦးက ဆိုပါတယ်။
ထိခိုက်ဒဏ်ရာရသူအများစုဟာ အမျိုး သားတွေဖြစ်ကြပြီး အမျိုးသမီးနှစ်ဦး ပါဝင်ကာ ဦးခေါင်းထိခိုက်မိသူ နှစ်ဦးအပါအဝင် စိုးရိမ်ရသူ သုံးဦးပါဝင်ပြီး ယာဉ်အတွင်း ညပ်နေသူတစ်ဦးကိုလည်း ကူညီကယ်ထုတ်ပေးခဲ့ရကြောင်း ဆိုပါတယ်။
စစ်တပ်က အာဏာသိမ်းယူပြီးနောက် ပိုင်း ရန်ကုန်မြို့မှာ မြို့နယ်အလိုက်အောက်ဆိုက်ကားအဖြစ် ပြေးဆွဲလာတဲ့ ယာဉ်တွေ ပြန်လည်ပေါ်ထွက်လာပြီး ၊ YBS ယာဉ်အများစုဟာ ည ၇ နာရီနောက် ပိုင်းပြေးဆွဲပေးတာမျိုး ရှားပါးလာတယ်လို့ ရန်ကုန်မြို့နေသူတစ်ဦးက ဆိုပါတယ်။
ဓာတ်ပုံ-အင်းစိန်မြို့နယ်ကြက်ခြေနီ


