၃ ဖေဖော်ဝါရီ၊ ၂၀၂၅
အမေရိကန်အစိုးရရဲ့ပြည်ပထောက်ပံ့ရေးအေဂျင်စီ USAID ကို အပြီးတိုင်ပိတ်သိမ်းတော့မယ့်အကြောင်း အီလွန်မက်စ်က သူ့ရဲ့ X လူမှုကွန်ယက် တိုက်ရိုက်ထုတ်လွှင့်မှုကနေတဆင့် တနင်္လာနေ့မနက်ပိုင်းက ကြေညာလိုက်ပါတယ်။
သမ္မတဒေါ်နယ်ထရမ့်နဲ့ USAID အကြောင်း အသေးစိတ် ဆွေးနွေးပြီးခဲ့ကြပြီး ထရမ့်ကလည်း USAID ကို အပြီးရပ်လိုက်ဖို့ သဘောတူထားတယ်လို့ သူက ပြောဆိုပါတယ်။
တိုက်ရိုက်ထုတ်လွှင့်မှုမှာ သူက USAID ကို ပိုးတွေပြည့်နှက်နေတဲ့ ပန်းသီးတစ်လုံးလို့ ဥပမာပေးပြောဆိုခဲ့ပြီး အကုန်ရှင်းပစ်မှ ရမယ် လို့လည်း ပြောဆိုလိုက်ပါတယ်။
ဒါ့အပြင် USAID ရုံးချုပ်မှာ ရှိတဲ့ဝန်ထမ်းတွေကို ဒီနေ့ အိမ်ကနေသာ အလုပ်လုပ်ကြဖို့ ရုံးချုပ်က တစ်ဦးချင်းစီကိုစာပို့ထားတယ်လို့လည်း USAID ရုံးချုပ်ဝန်ထမ်းတွေက ပြောဆိုကြပြီး ဒီလိုမကြေညာခင်က အီလွန်မက်စ်ရဲ့ အစိုးရစွမ်းဆောင်ရေစစ်ဆေးရေးဌာနနဲ့ USAID က အကြီးတန်းအရာရှိတွေကြားမှာ ပြဿနာတက်ခဲ့တယ်လို့လည်းသိရပါတယ်။
USAID ရဲ့ လုံခြုံရေးအမျိုးအစားကန့်သတ်ထားတဲ့ ပစ္စည်းနှစ်မျိုးကို DOGE အဖွဲ့က စစ်ဆေးဖို့ တောင်းဆိုတာကို လွှဲပြောင်းပေးခြင်းမရှိတဲ့အတွက် USAID လုံခြုံရေးအရာရှိနှစ်ဦးဖြစ်တဲ့ John Voorhees နဲ့ Brian McGill ကို ရာထူးက နှုတ်ထွက်စေတယ်လို့လည်း သိရပြီး USAID ဘက်ကတော့သူတို့မှာ ဥပဒေအရ ငြင်းဆိုပိုင်ခွင့်ရှိတယ်လို့ ယုံကြည်နေကြပါတယ်။
ဓာတ်ပုံ – ABC News